ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကို သတ်မှတ်

ဂျူလိုင် ၆၊ ၂၀၁၉

VOM

 

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဒေသကို ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့အမွေအနှစ်အဖြစ် ဒီနေ့မှာပဲ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံ ဘာကုမြို့မှာ လုပ်နေတဲ့ ယူနက်စကိုအဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီရဲ့ ၄၃ ကြိမ်မြောက် အစည်းအဝေးမှာ ပုဂံ ဒေသနဲ့ ပတ်သက်တဲ့ အဆိုပြုလွှာကို ဆွေးနွေးပြီးတဲ့အခါမှာ အခုလို သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ပုဂံကို လာရောက်လေ့လာစစ်ဆေးခဲ့တဲ့ ICOMOS အဖွဲ့က ဒီဆွေးနွေးပွဲမှာ ပုဂံကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ပေးဖို့ ထောက်ခံတင်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ယူဂန်ဒါနိုင်ငံ၊ စပိန်နိုင်ငံ၊ အင်ဒိုနီးရှားနဲ့ နော်ဝေ  တို့ကလည်း ထောက်ခံတင်ပြမှုတွေ ပြုခဲ့ပြီးတဲ့အဆုံး အခုလို သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရရေးအတွက် ၁၉၉၄ ခုနှစ်တုန်းက ကြိုးစားခဲ့ဖူးပေမယ့်၊ ရှေးဟောင်းအဆောက်အဦတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းစောင့်ရှောက်တဲ့ နည်းလမ်းအမှားတွေ၊ လွဲမှားနေတဲ့ နည်းဥပဒေတွေကြောင့် အပယ်ခံခဲ့ရပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် စာရင်းဝင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ၂၀၁၄ ခုနှစ်မှာ ထပ်ပြီးတော့ လုပ်ခဲ့တာဖြစ်ပါတယ်။ ပထမအဆင့် အဆိုပြုလွှာ မူကြမ်းကို ၂၀၁၆ ခုနှစ်အတွင်းမှာ တင်သွင်းခဲ့ပါတယ်။

ဒီအတောအတွင်း နိုင်ငံတကာ ပညာရှင်တွေဟာ ပုဂံဒေသကို လာရောက်စစ်ဆေးမှုတွေ၊ အဆိုပြုလွှာအတွက် လိုအပ်ချက်တွေကို အကြံပေး ပြင်ဆင်စေမှုတွေ လုပ်ခဲ့ကြပြီး အပြီးသတ် အဆိုပြုလွှာကို ၂၀၁၈ မှာ တင်သွင်းနိုင်ခဲ့ပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသဟာ ၉ ရာစုကနေ ၁၁ ရာစုကာလအတွင်း တည်ထားခဲ့တဲ့ ရှေးဟောင်းစေတီပုထိုး ၃၀၀၀ ကျော်တဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဒေသတခုဖြစ်ပါတယ်။

အခုလို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သွားတဲ့အတွက် ပုဂံဒေသရဲ့ သတ်မှတ်ထားတဲ့ ဇုံအထဲမှာ ရှိနေတဲ့ ရှေးဟောင်းအဆောက်အဦတွေကို ပြုပြင်ထိန်းသိမ်းတဲ့အခါ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့အညီ ပြုပြင်ထိန်းသိမ်းမှုတွေကို လုပ်သွားနိုင်မှာ ဖြစ်လို့၊ ရှေးဟောင်းလက်ရာတွေကို မပျက်ယွင်းအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတိုးတက်ရေး၊ တည်ဆောင်ရေးတွေနဲ့ ပတ်သက်တာတွေမှာ နိုင်ငံတကာ ပညာရှင်တွေရဲ့ နည်းပညာအကူအညီတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦတွေကို တိကျခိုင်မာတဲ့ ဥပဒေတွေနဲ့ ပိုမိုအကာအကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW