NLD ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးကို တာဝန်ယာယီရပ်ဆိုင်း

VOM

ဇူလိုင် ၂၅၊ ၂၀၁၉

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပါတီလုပ်ထုံးလုပ်နည်းပုဒ်မ ၇ (၁) အရ စုံစမ်းစစ်ဆေးမှုလုပ်နေဆဲကာလမှာ ပါတီတာဝန်တွေကနေရပ်ဆိုင်းပြီး ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေပါတယ်။

 

“ကိုမျိုးရန်နောင်သိမ်း ကိုက တာဝန်က အပြီးရပ်တာတော့ မဟုတ်ပါဘူး။ သူ့နဲ့ပတ်သက်တဲ့ တိုင်စာရလို့ စုံစမ်းစစ်ဆေးမှာဖြစ်လို့ ဒီကာလ တာဝန်ခဏရပ်ထားတာပါ။ အခုမှ စ ပြီး စစ်မှာဆိုတော့ ကျနော်တို့ ဘာမှပြောလို့ မရသေးပါဘူး။ စစ်ပြီးမှ ဘယ်လို အရေးယူမလဲ သိရမှာ” လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က VOM ကို ပြောပါတယ်။

 

တိုင်ကြားခံရသူ ဦးမျိုးရန်နောင်သိမ်းကတော့ အခုလို တာဝန်တွေ ယာယီရပ်ဆိုင်းခံရတာဟာ သူ့တာဝန်ယူနေရတဲ့ဌာနအတွက် လုပ်အားလျော့တယ်လို့ ဆိုပါတယ်။

 

“ပါတီစည်းကမ်းအရ တိုင်တာရှိလို့ စုံစမ်းစစ်ဆေးနေတဲ့ကာလ ကျနော်ကို တာဝန်က ခဏနားတယ်လို့ သိရတယ်။ ဒီလိုနားတဲ့အတွက် စည်းဝေးမတက်ရတာကလွဲလို့ ကျနော်လုပ်စရာရှိတာတော့ ဆက်လုပ်နေမယ်။ ကျနော်က နိုင်ငံရေးစိတ်ရှိလို့ နှလုံးသားနဲ့လုပ်နေတာ။ အခကြေးငွေယူပြီး လုပ်နေတာမဟုတ်ဘူး။ တိုင်တဲ့ကိစ္စကတော့ ဘာကိစ္စမှန်း မသိဘူး။ ကျနော် အဂတိ လိုက်စားထားတာမရှိဘူး။ အမှုမမြောက်ရင် ကျနော်ကလည်း ပြန်တိုင်မှာပဲ။ လက်တလောကတော့ ပါတီအတွက် ကျနော့် ဌာနအတွက် လုပ်အားလျော့တာပေါ့” လို့ ဦးမျိုးရန်နောင်သိမ်းက ပြောပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေကို စစ်ဆေးတာ အရေးယူတာတွေကို အခုရက်ပိုင်းမှာ တောက်လျှောက်လုပ်လာနေခဲ့ပါတယ်။ ဒီလို လုပ်ခဲ့တာမှာ ပါတီဗဟိုကော်မတီဝင် ဦးအောင်စိုး အပါအဝင် တနင်္သာရီတိုင်းက ပါတီဝင် သုံးဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒီလိုစုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ၊ ဦးအောင်စိုးက ပါတီကနေ နှုတ်ထွက်ကြောင်း နှုတ်ထွက်စာကို မနေ့က တင်သွင်းခဲ့ပါတယ်။

“ဦးအောင်စိုးနဲ့ သုံးယောက်က စစ်ဆေးပြီး အရေးလည်းယူပြီးပါပြီ။ ဘယ်လိုအပြစ်ပေးတယ်ဆိုတာကတော့ သူတို့ကို စစ်တဲ့အဖွဲ့ကပဲ သိမယ်။ ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်တဲ့ တိုင်စာတွေကတော့ တောက်လျှောက်ရောက်နေတာ၊ ကျနော်တို့က ဒါတွေကို စိစစ်ပြီး တိုင်တဲ့သူတွေကိုရော တိုင်ခံရတဲ့သူတွေကိုရော စစ်ဆေးရပါတယ်။ အသေးစိတ်ကိုကတော့ ပါတီတွင်းကိစ္စဖြစ်လို့ ပြောပြလို့ မရပါဘူး” လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

ဓာတ်ပုံ / ဦးမျိုးရန်နောင်သိမ်း Facebook

Related posts

Leave a Comment

VOM News

FREE
VIEW