ဆိုင်ကယ်ဂိုဒေါင်မီးလောင်မှု မီငြိမ်းသတ်တဲ့ မီးသတ်သမား ၇ ဦး မီးခိုးမွှန်ပြီး ဆေးကုသမှုခံယူခဲ့ရ

မန္တလေး၊ဩဂုတ် ၂-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ဇော်ဂျီလမ်း ၇၁ လမ်းနဲ့ ၇၂လမ်းကြားက ” LONCIN ” မော်တော်ဆိုင်ကယ်ဂိုဒေါင်မှာ ဒီကနေ့နေ့လည်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးငြိမ်းသတ်တဲ့ မီးသတ်သမား(၇)ဦး မီးခိုးမွှန်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဆောင်မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

 

ဂိုဒေါင်အတွင်း ယာယီသွယ်တန်းထားတဲ့ ဝါယာကြိုးတွေ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကို Level-2 အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ပါတယ်။ ဆိုင်ကယ်ဂိုဒေါင်အတွင်းက အပိုပစ္စည်းတွေနဲ့ ဆိုင်ကယ်အများစု မီးလောင်ကျွမ်းသွားတဲ့အတွက် မီးသတ်သမားတွေ မီးငြိမ်းသတ်ရင်း မီးခိုးမွှန် ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်ပါတယ်။

 

ဆေးကုသမှုခံယူခဲ့ရတဲ့ မီးသတ်သမား(၇)ဦးထဲက ၃ ဦးမှာ အတွင်းလူနာအဖြစ်ဆေးကုသမှု ခံယူနေရပြီး ကျန် ၄ ဦးကတော့ ရောဂါသက်သာတာကြောင့် ညနေ ၄ နာရီအချိန်မှာ ဆေးရုံကနေ ဆင်းခဲ့ရပါတယ်။

 

မီးလောင်မှုကြောင့် ဆိုင်ကယ်အစီး(၅၀)၊ သုံးဘီးဆိုင်ကယ်(၅)စီး၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ နံကပ် ၁ ထပ် သွပ်မိုးအဆောက်အဦး(၂)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး တန်ဖိုးငွေစုစုပေါင်း ၂၆၃ သိန်း ၅ သောင်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။

 

အဲဒီမီးလောင်မှုအတွက် ဆိုင်ကယ်ပြုပြင်ရေးတာဝန်ခံ တရုတ်လူမျိုး ကျန်ကျွင်း(MR.ZHANG DIJUN)အသက် ၄၅ နှစ်၊ ပတ်စပို့အမှတ် EG-7570684 ကိုပြည်ကြီးတံခွန်မြို့မရဲစခန်းက ( ပ- ၈၃၇/၂၈၅/၂၀၁၉ )နဲ့ အမှုဖွင့်အရေးယူထားတယ်လို့  သိရပါတယ်။

 

#voiceofmyanmar #မီးလောင်မှု #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW