နျူကလီးယားစာချုပ်ကနေ တရားဝင်နုတ်ထွက်ဖို့ အမေရိကန်စီစဉ်နေ

ဝါရှင်တန်၊ သြဂုတ်-၂-၂၀၁၉

မျိုးဆက် (VOM)

 

ရုရှားနိုင်ငံနဲ့ စစ်အေးခေတ်က ချုပ်ဆိုထားတဲ့ နျူကလီးယားသဘောတူစာချုပ်ကနေ တရားဝင်နုတ်ထွက်ဖို့ အမေရိကန်နိုင်ငံက စီစဉ်နေပြီး လက်နက်ပြိုင်ပွဲအသစ်ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

 

အဲဒီစာချုပ်ဟာ တာလတ်ပစ်နျူကလီးယားသဘောတူစာချုပ်ဖြစ်ပြီး  ၁၉၈၇ ခုနှစ်မှာ အမေရိကန်သမ္မတ ရောဘတ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် မိုက်ဟေးဂေါ်ဘာချော့တို့ လက်မှတ်ရေးထိုးခဲ့ကာ အကွာအဝေး ၃၁၀ မိုင်ကနေ ၃၄၀၀ မိုင်အကြားပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေကို ပိတ်ပင်တားမြစ်ထားပါတယ်။

 

ဒါပေမဲ့ ရုရှားဟာ ခရုဇ်ဒုံးပျံအမျိုးအစားသစ်တစ်ခုကို ထုတ်လုပ်လိုက်ခြင်းအားဖြင့် အဲဒီစာချုပ်ကို ချိုးဖောက်နေတယ်လို့  အမေရိကန်နဲ့ နေတိုးအဖွဲ့က အခုနှစ်အစောပိုင်းမှာ စွပ်စွဲထားပြီး ရုရှားဘက်က စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

 

အက်စ်အက်စ်စီ-၈ ဆိုပြီးနေတိုးအဖွဲ့က သတ်မှတ်ထားတဲ့ ၉ အမ် ၇၂၉ အမျိုးအစား ဒုံးပျံတွေကို ရုရှားကဖြန့်ကြက်ချထားတဲ့ အထောက်အထားတွေရှိတယ်လို့  အမေရိကန်က ပြောဆိုပါတယ်။ နေတိုးမဟာမိတ်တွေအားလုံးက အမေရိကန်ရဲ့ ပြောဆိုမှုကို ထောက်ခံကြပါတယ်။

 

စာချုပ်ပါစည်းမျဉ်းစည်းကမ်းတွေကို ရုရှားက ပြန်ပြီးမလိုက်နာဘူးဆိုရင် စာချုပ်ကနေအမေရိကန် နုတ်ထွက်မယ်လို့ သမ္မတဒေါ်နယ်ထရန့်က ဖေဖော်ဝါရီလမှာ ပြောဆိုထားပြီး နောက်ဆုံးနေ့ရက်ကို သြဂုတ် ၂ ရက်အထိ သတ်မှတ်ထားပါတယ်။

 

ဒေါ်နယ်ထရန့်က ဒီလိုပြောဆိုလိုက်ပြီးများမကြာမီ စာချုပ်ပါစည်းကမ်းတွေကို လိုက်နာနေတာကနေ ရုရှားသမ္မတ ပူတင်ကလည်း ရပ်ဆိုင်းခဲ့ပါတယ်။  သမိုင်းဝင်နျူကလီးယားစာချုပ် ပျက်ပြားခဲ့မယ်ဆိုရင် အမေရိကန်နဲ့  ရုရှားတို့အကြား လက်နက်ပြိုင်ပွဲအသစ်ဖြစ်ပေါ်လာနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

 

Ref : BBC

Photo : Reuters

 

#voiceofmyanmar #နျူကလီးယားစာချုပ်ကနေတရားဝင်နှုတ်ထွက်ဖို့စီစဉ်နေ #အမေရိကန် #ရုရှား

Related posts

Leave a Comment

VOM News

FREE
VIEW