ပါရှန်ပင်လယ်ကွေ့မှာ ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ အီရန်ကြေညာ

တီဟီရန်၊ သြဂုတ်-၆-၂၀၁၉

မျိုးဆက် (VOM)

 

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဒီနှစ်နှောင်းပိုင်းမှာ ပါရှန်ပင်လယ်ကွေ့အတွင်း ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ အီရန်ဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 

ဒီလိုစစ်ရေးလေ့ကျင့်ဖို့အတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ မော်စကိုမှာ ပြီးခဲ့တဲ့အပတ်က သဘောတူခဲ့ကြတာလို့ အီရန်ရေတပ်ဗိုလ်ချုပ် ဟိုစိန်ခန်ဇာဒီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

 

သဘောတူညီချက်ရဲ့ အချို့အချက်တွေကို အမျိုးအစားခွဲခြားထားပေမယ့် အားလုံးကိုခြုံငုံကြည့်ရင် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် နှစ်နိုင်ငံ ရေတပ်ကတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်မှာဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်တာလို့ သူကပြောပါတယ်။

 

ခန်ဇာဒီဟာ ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းက ရုရှားကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မယ့်နေရာကို အတည်ပြုထားတာ မရှိသေးပေမယ့် ဟော်မုဇ်ရေလက်ကြားနဲ့ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာ ဖြစ်နိုင်တယ်လို့ အီရန်ဘက်ကဆိုပါတယ်။

 

၂၀၁၅ ခုနှစ်နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်နုတ်ထွက်လိုက်ပြီးနောက်ပိုင်း ပါရှန်ပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ပါရှန်ပင်လယ်ကွေ့မှာ ခုတ်မောင်းနေတဲ့ ရေနံတင်သင်္ဘောတစ်စင်းကို အီရန်ရေတပ်က ဖမ်းဆီးပြီး သင်္ဘောသား ၇ ဦးကိုထိန်းသိမ်းထားပါတယ်။

 

Ref : UPI

Photo : Reuters

 

#voiceofmyanmar #ပါရှန်ပင်လယ်ကွေ့ #ရုရှား #အီရန်

Related posts

Leave a Comment

VOM News

FREE
VIEW