ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်ကျောက်တိုင်နဲ့ ရင်ပြင်တည်ဆောက်မယ်

ပုသိမ်၊ သြဂုတ် ၈ – ၂၀၁၉

ကိုအောင် (VOM)

 

ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးခဲ့ကြသူတွေအတွက် အထိမ်းအမှတ် ကျောက်စာတိုင်နဲ့ ရင်ပြင်တည်ဆောက်သွားဖို့ ရှစ်လေးလုံးအင်အားစု (ဧရာဝတီ)က တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ သိရပါတယ်။

 

တစ်နိုင်ငံလုံးက ဒီမိုကရေစီအတွက်လှုပ်ရှားရင်း အသက်ပေးလှူသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပုသိမ်မြို့ မဟာဗန္ဓုလလမ်းပေါ် ကန်သုံးဆင့်အနီးက မြေနေရာကို တောင်းဆိုထားတာဖြစ်ပါတယ်။  အဲဒီ တည်ဆောက်မှု ကုန်ကျစရိတ်အတွက် ၈၈ မျိုးဆက်တွေက အလှူငွေကောက်ခံသွားမယ်လို့ သိရပါတယ်။

 

“အစိုးရအဖွဲ့ကလည်း ရင်ပြင်တည်ဆောက်ဖို့ ခွင့်ပြုပေးမယ် ကြားထားပါတယ်။  မကြာခင် တည်ဆောက်သွားမှာပါ။  မြန်မာတစ်နိုင်ငံလုံးက ဒီမိုကရေစီအတွက် အသက်ပေးခဲ့တဲ့ လူအားလုံးအတွက် ရည်ရွယ်ပါတယ်။”လို့ ရှစ်လေးလုံးအရေးတော်ပုံ အင်အားစု (ဧရာဝတီ) ဦးဆောင်သူ ဦးမြင့်စိုးက ပြောပါတယ်။

 

ဒီနေ့ သြဂုတ် ၈ ရက်မှာ ရှစ်လေးလုံးအရေးတော်ပုံအတွက် အောက်မေ့အခမ်းအနားတွေ ကျင်းပခဲ့ပြီး ပုသိမ်မြို့မှာ ပြုလုပ်တဲ့ အခမ်းအနားမှာတော့ သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့၊ ရှစ်လေးလုံးမှာ ကျဆုံးခဲ့တဲ့ လူတွေအတွက် ကျောက်စာတိုင်နဲ့ ရင်ပြင်တည်ဆောက်သွားဖို့ကို ရှစ်လေးလုံးအင်အားစု (ဧရာဝတီ)က ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

ဧရာဝတီတိုင်း ပုသိမ်မြို့ ရှစ်လေးလုံးအရေးအခင်းဟာ သြဂုတ်လ ၉ ရက်မှ စတင်ခဲ့တာဖြစ်ပြီး ပုသိမ်မြို့ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသားတွေ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။  အဲဒီနောက် ပုသိမ်မြို့ ခါတော်မှီ ဘုန်းတော်ကြီးကျောင်းမှာ သပိတ်စခန်းဖွင်ြ့ပီး စစ်တပ်အာဏာသိမ်းတဲ့အထိ လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။

 

” ကျနော်တို့ ကျောင်းသားတွေ မခံချင်စိတ်နဲ့ စလုပ်ခဲ့ကြတာ။ အဲတုန်းက ခုလို ကားမရှိ ၊ ဖုန်းမရှိနဲ့  သတင်းစာတောင် တစ်ရက်နောက်ကျတယ်။ ရေလမ်းပဲအားကိုးနေရတာ သူများတွေထက် တစ်ရက်နောက်ကျ သွားတယ်။”လို့ ရှစ်လေးလုံးတိုက်ပွဲဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသက်နောင်က ပြောပါတယ်။

 

 

#voiceofmyanmar #၈၈၈၈ #ဧရာဝတီ #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW