အမေရိကန်နဲ့စစ်ရေးလေ့ကျင့်တာကြောင့် တောင်ကိုရီးယားနဲ့ မဆွေးနွေးတော့ဘူးလို့ မြောက်ကိုရီးယားဆို

ပြုံးယမ်း၊ သြဂုတ်-၁၁-၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်ဟာ  သြဂုတ် ၁၀ ရက်ကပြုလုပ်တဲ့  လက်နက်သစ်စမ်းသပ် ပစ်ခတ်မှုကို ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပြီး အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်တာကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးပွဲတွေ ဖြစ်နိုင်ခြေမရှိတော့ဘူးလို့ မြောက်ကိုရီးယား ထိပ်တန်းသံတမန်တစ်ဦးက ပြောဆိုလိုက်ပါတယ်။

 

မြောက်ကိုရီးယားဟာ  သီတင်းပတ်နှစ်ပတ်အတွင်း ငါးကြိမ်မြောက်အဖြစ် သြဂုတ် ၁၀ ရက်မှာ တာတိုပစ်ဒုံးပျံနှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာကို ဆန့်ကျင်ကာ အင်အားပြသမှု တစ်ရပ်အဖြစ် တောင်ကိုရီးယားက ရှုမြင်ထားပါတယ်။

 

အမေရိကန်နဲ့  မြောက်ကိုရီးယားတို့အကြား နျူကလီးယားဆွေးနွေးပွဲတွေ အလျင်စလိုရပ်ဆိုင်းသွားခဲ့ရတဲ့ ပြီးခဲ့တဲ့ နှစ်စဉ်အကြီးစားစစ်ရေးလေ့ကျင့်မှုအစား အခြားရွေးချယ်စရာတစ်ခုအဖြစ် ကွန်ပြူတာနည်းပညာတွေ အများအပြားပါဝင်တဲ့ ၁၀ ရက်ကြာအသေးစားစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

ဒီလိုပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် အကြိုပြင်ဆင်တာဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောဆိုထားပြီး ဒုံးပျံစမ်းသပ်ပစ်ခတ်မှု ငါးကြိမ်လုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။

 

မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့ ဒုံးပျံအသစ်တွေဟာ နိုင်ငံရဲ့ မြေပြင်အနေအထားနဲ့ ကိုက်ညီအောင် တီထွင်ထားပြီး နောက်ဆုံးစပ်သပ်မှုမှာတော့ ဒုံးပျံတွေရဲ့ စွမ်းအားနဲ့ စွမ်းဆောင်ရည်က တည်ဆောက်ထားတဲ့  ပုံစံအတိုင်း ပြီးပြည့်စုံခဲ့တယ်လို့ ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။

 

Ref & Photo : Reuters

 

#voiceofmyanmar #မြောက်ကိုရီးယား #တောင်ကိုးရီးယား #အမေရိကန်

Related posts

Leave a Comment

VOM News

FREE
VIEW