ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ပြည်မြို့ နတ်မှော်ဆင်စခန်းမှာ ကျင်းပ

ပြည်၊ သြဂုတ် ၁၂ -၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ဒီနေ့ သြဂုတ် ၁၂ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆင်များနေ့ အခမ်းအနားကို ပဲခူးတိုင်း ပြည်မြို့ နတ်မှော်ဆင်စခန်းမှာ မနက်အစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆင်တွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတာပေါ့။ ဆင်ကလေးတွေကို သနားကျင်နာတတ်ဖို့၊ သဘာဝလောကရဲ့ အဖိုးတန်ဆင်ရတနာလေးတွေကို အားလုံး ၀ိုင်းဝန်းကူညီထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ဆင်လေးတွေအပေါ်မှာ လွဲမှားစွာအသုံးအမပြုကြဖို့၊  ဆင်စွယ်ဖြတ်တောက်တာတွေကို မပြုလုပ်ကြဖို့ တပ်လှန့်နှိုးဆော်တဲ့အနေနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်။”လို့ ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဒေါ်ရတနာမြင့်အောင်က ပြောပါတယ်။

 

ကမ္ဘာပေါ်မှာရှိတဲ့ ဆင်တွေဟာ တရားမ၀င်သတ်ဖြတ်ခံရတာ၊ သူတို့ရဲ့ နေရင်းဒေသပျောက်ဆုံးတာတွေနဲ့ ကြုံရသလို လူတွေနဲ့ ဆင်တွေပဋိပက္ခဖြစ်ရတဲ့ အခြေအနေတွေလည်း  ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံ သစ်ထုတ်လုပ်ရေးကလည်း လျှော့ချထားတဲ့အတွက် ဆင်တွေကို ထိမ်းသိမ်းစောင့်ရှောက်ထားပြီး အဲဒီလို ဆောင်ရွက်ထားခြင်းကြောင့် ဆင်ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးရှိသလို ဌာနဝင်ငွေလည်း တိုးစေပါတယ်။

 

“ဆင်တွေကိုလည်းချစ်လို့၊ ဆင်တွေကို ဘူဖေးကျွေးမယ်ဆိုတော့ အဲတာလေးလည်း သိချင်လို့ လာလည်တာ။ အရင်တုန်းက ဆင်တွေက သစ်လုပ်ငန်းတွေလည်းရှိတော့ တောထဲမှာအလုပ်ရှိတယ်။ အခုကသစ်ကလည်း သိပ်မထုတ်တော့ဘူးဆိုတော့ ဆင်လေးတွေက သူတို့ရဲ့အစာနဲ့ နေထိုင်မှုအတွက် လူတွေရဲ့ပံ့ပိုးမှုလည်း လိုအပ်တာပေါ့။”လို့ လာရောက်လည်ပတ်သူ မအေးအေးမွန်က ပြောပါတယ်။

 

ဘူဖေးကျွေးရာမှာ ရွှေဖရုံသီး၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ ကြံ စတဲ့ ဆင်အကြိုက် အစားအစာတွေကို စိတ်ကြိုက် စားစေတာဖြစ်ပြီး ဆင်တွေက လာရောက်လည်ပတ်တဲ့လူတွေကို ပုသိမ်ထီးဆောင်းကပြတာတွေနဲ့ အလှပြသခဲ့တာ ဖြစ်ပါတယ်။

 

#voiceofmyanmar #ပြည် #ကမ္ဘာ့ဆင်များနေ့

Related posts

Leave a Comment

VOM News

FREE
VIEW