ကျိုက်မရောမြို့နယ်က ကျေးရွာအချို့ ရေနစ်မြုပ် ကယ်ဆယ်ရေးမျှော်လင့်နေ

ကျိုက်မရော၊ သြဂုတ် ၁၂ -၂၀၁၉

သူရိန်(VOM)

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာနဲ့ ငပြေးမကျေးရွာဘက်မှာ ရေပတ်လည်ဝိုင်းနေတဲ့အတွက် ထွက်ပေါက်မရှိဘဲ ပိတ်မိနေလို့ ကယ်ဆယ်ရေးအဖွဲ့​တွေ မျှော်နေတယ်​လို့ ဒေသခံတွေဆီက သိရပါတယ်​။

 

“ရေပတ်လည်ဝိုင်းရံနေတော့ ကျေးရွာသူရွာသားများ ပိတ်မိနေတယ်။ တချို့လှေရှိသူ မိသားစုအနည်းငယ်သာ ထွက်ပြေးနိုင်တယ်။ ကျိုက်မရောမြို့က လာတဲ့လမ်းကလည်း တစ်မိုင်လောက် ရေမြုပ်နေလို့ ကယ်ဆယ်ရေးအဖွဲ့များ လာရောက်နိုင်ဖို့ အခက်အခဲ ဖြစ်နေတယ်။” လို့ ဦးလေးကျေးရွာရှိ ဝေဠုဝန် ကျောင်းထိုင်ဆရာတော် အရှင်ပုံညာနန္ဒက မိန့်ပါတယ်။

 

အဲဒီကျေးရွာတွေဟာ ကျိုက်မရောမြို့နဲ့ ဆယ်မိုင်လောက် အကွာမှာရှိပြီး ဦးလေးကျေးရွာမှာ အိမ်ထောင်စု ၅၀၀ လူဦးရေ ၃၀၀၀ ခန့်၊ ငပြေးမကျေးရွာမှာတော့ အဆက်အသွယ်မရလို့ လူဦးရေစာရင်းတိတိကျကျ မသိရှိရပေမယ့် အိမ်ခြေ ၂၁၀ ခန့် ရှိနေတယ်လို့ သိရပါတယ်။

 

ဦးလေးကျေးရွာမှာ ရေလုံးဝနစ်မြုပ်အိမ်ခြေ ၂၀၀ လောက်ရှိသလို ငပြေးမကျေးရွာမှာလည်း အိမ်ခြေအားလုံးနီးပါး ရေနစ်မြုပ်နေတယ်​လို့ သိရပါတယ်​။

 

“ကျိုက်ထိုမြို့က ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်းရယ်၊ တခြားပရဟိတ လူမှုရေးအသင်းတွေက လာလှူတာတွေရှိတယ်။ မနက်ကတော့ ဒုသမ္မတ လာသွားတယ်၊ အလှူငွေပေးသွားတယ်။ ဌာနဆိုင်ရာဘက်တွေကတော့ ကူညီထောက်ပံ့မှုတွေမရသေးဘူး။”လို့ ကျိုက်မရောမြို့နယ် ပြန်/ ဆက် ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက ပြောပါတယ်။

 

ကျိုက်မရောကယ်ဆယ်ရေးစခန်းကို နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အလှူငွေ ၂၂ သိန်း လှူဒါန်းသွားတယ်လို့ သိရပါတယ်။

 

လက်ရှိကျိုက်မရောမြို့နယ်မှာ ကျေးရွာ ၂၆ ရွာက လူဦးရေ ၄၁၅၀ ကျော် ရေကြီးမှုဒဏ် ခံစားနေရတဲ့အတွက် ကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်လှစ်ကာ စောင့်ရှောက်ထားပြီး လူဦးရေ ၁၆၅၅ ဦး ခိုလှုံနေတယ်လို့ သိရပါတယ်။

 

“ရ.တ.ခ တိုင်းမှူး(အရှေ့တောင်တိုင်း စစ်ဌာနချုပ်)က ကယ်ဆယ်ရေး လှေလွှတ်လိုက်တယ်လို့ ပြောတယ်။ ဒါပေမယ့် ကွမ်းငန်းရွာဘက်က လှိုင်းကြီးလို့ဆိုပြီး လှည့်ပြန်သွားကြတယ်။ လက်ရှိကတော့ နှစ်ထပ်အိမ်တွေက  တစ်ထပ်ပဲမြုပ်တော့ အဲ့အိမ်တွေမှာ စုနေတဲ့သူတွေကလည်း ရှိတယ်။ ဘုန်းကြီးကျောင်းမှာလည်း လူ ၂၅၀ လောက်လာနေကြတယ်။” လို့ ဆရာတော် အရှင်ပုံညာနန္ဒက မိန့်ကြားပါတယ်။

 

ကျိုက်မရောမြို့နယ် ပတ်ဝန်းကျင်ရှိကျေးရွာတွေဘက်မှာ သြဂုတ် ၃ ရက်ကတည်းက မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ  ဖြစ်ပေါ်နေပြီး ဒီနေ့အထိ ရေပြန်လည် ကျဆင်းမှုမရှိသေးဘူးလို့ သိရပါတယ်။

 

ဓါတ်ပုံ – ကျိုက်ထို လူမှုကယ်ဆယ်ရေးအသင်း

 

#voiceofmyanmar #မွန်ပြည်နယ် #ကျိုက်မရော #ရေကြီး

Related posts

Leave a Comment

VOM News

FREE
VIEW