သီပေါမြို့နယ်မှာ နွားတွေတင်လာတဲ့ကား ပစ်ခတ်ခံရ လူတစ်ဦးသေ

သီပေါ၊ သြဂုတ် ၁၂ – ၂၀၁၉

ဖြူဖြူ (VOM)

 

ရှမ်းပြည်နယ် သီပေါမြို့နယ် စံလောင်ရွာနဲ့ ကုံးမုံရွာကြားမှာ ဒီနေ့ သြဂုတ် ၁၂ ရက် နေ့လည်ပိုင်းက နွားတွေတင်ဆောင်လာတဲ့ကားတစ်စီး သေနတ်ပစ်ခတ်ခံရလို့  လူတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ နယ်စည်းမခြား ပရဟိတအဖွဲ့(သီပေါ)က သိရပါတယ်။

 

“ဖြစ်တဲ့အချိန်တော့ မသိဘူး။ ကျနော်တို့ကိုအကြောင်းကြားတာကတော့ ၁၂ နာရီလောက်ကပေါ့။ အကြောင်းကြားတော့ ကျနော်တို့ ကားနှစ်စီးနဲ့သွားတယ်။ ဟိုရောက်တော့ တစ်ယောက်သေဆုံးတယ်၊ တစ်ယောက်ဒဏ်ရာရတယ်ပေါ့။” လို့ နယ်စည်းမခြားပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးက ပြောပါတယ်။

 

လက်ရှိမှာတော့ သေဆုံးရုပ်အလောင်းကို သီပေါရင်ခွဲရုံမှာ ပို့ဆောင်ထားပြီး ဒဏ်ရာရ လူနာကိုတော့ သီပေါဆေးရုံကနေတစ်ဆင့် လားရှိုးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

 

အခုလို ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ သီပေါမြို့မရဲစခန်းက ရဲမှူးမျိုးနိုင်ကတော့ “လက်ရှိတော့ ဘာမှမလုပ်ရသေးဘူး၊ လိုက်တုန်းပါပဲ၊ သတင်းတင်ဖို့ ဆောင်ရွက်နေတယ်။ နောက်ပြီးတော့ ဆေးစာပို့တာတွေ၊ သေဆုံးသူကို ရင်ခွဲဖို့ အဲဒါတွေ ဆောင်ရွက်နေတုန်းပါပဲ။”လို့ ဆိုပါတယ်။

 

အခု ပစ်ခတ်မှုကို ဘယ်သူကျူးလွန်တယ်ဆိုတာ စုံးစမ်းစစ်ဆေး ဖေါ်ထုတ်ဆဲ ဖြစ်ပြီး နယ်မြေရှင်းလင်းရေးကိုတော့ ခမရ-၁၁၃ က ဆောင်ရွက်နေတယ်လို့ ရဲမှူးမျိုးနိုင်က ဆိုပါတယ်။

 

ရှမ်းပြည်နယ် သီပေါနဲ့ ကျောက်မဲမြို့နယ်ဘက်တွေမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်လေ့ရှိသလို အခုလို နွားတွေတင်ဆောင်လာတဲ့ ကားတွေလည်း မကြာမကြာ ပစ်ခတ်ခံရလေ့ရှိတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ – Htet Aung

#voiceofmyanmar #သီပေါ #နွားကားပစ်ခတ်ခံရ

 

Related posts

Leave a Comment

VOM News

FREE
VIEW