ပုသိမ်မှာ ကရင်ရိုးရာ လက်ချည်ပွဲ ကျင်းပ

ပုသိမ်၊ သြဂုတ် ၁၃ – ၂၀၁၉

ကိုအောင် (VOM)

 

ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား(ကရင်ရိုးရာလက်ချည်ပွဲ)ကို ဧရာဝတီတိုင်း ပုသိမ်မြို့ မြို့တော်ခန်းမမှာ ဒီနေ့ သြဂုတ် ၁၃ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

 

ကွဲကွာနေတဲ့မိသားစုတွေ ပြန်လည်တွေ့ဆုံခွင့်ရခြင်း၊ တစ်ရွာနဲ့တစ်ရွာ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လုပ်ငန်းများ နှီးနှောဖလှယ်နိုင်ခြင်း၊ လူမှုရေးကိစ္စများ ညှနှိုင်းခွင့်ရခြင်း၊ လူငယ်များ ချစ်ကြည်သွေးစည်းမှုရရှိနိုင်ခြင်း စတဲ့ ကောင်းကျိုးမင်္ဂလာတွေ ရရှိဖို့ ရည်ရွယ်ကျင်းပတာလို့ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက သိရပါတယ်။

 

“ဝါခေါင်လမှာရေကြီးတယ်၊ ဘေးအန္တရာယ်ပေါတတ်တဲ့အတွက် ကရင်လူကြီးတွေက လူငယ်တွေကို အန္တရာယ်ကင်းအောင် ချည်ဖြူဖွဲ့ပေးရင်း ရိုးရာပွဲဖြစ်လာတာ။”လို့  ဧရာဝတီတိုင်း အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ပြောပါတယ်။

 

ချည်ဖြူဖွဲ့ရာမှာ ယောင်မတစ်ချောင်းနဲ့ ထမင်းထုပ်၊ ကောက်ညှင်းထုပ်၊ ငှက်ပျောသီး၊ ပန်းခတ်၊ ကြံစစ်၊ ချည်ဖြူ၊ အုန်း သို့မဟုတ် ရေ စတဲ့ ပစ္စည်း ၇ မျိုးကို စကောတစ်ချက်အတွင်းမှာ ထည့်ပြီး တတ်သိနားလည်တဲ့ လူကြီးတွေက ကရင်အမျိုးသား၊ အမျိုးသမီးတို့ကို ချည်ဖြူဖွဲ့ပေးကြတာ ဖြစ်ပါတယ်။

 

ပုသိမ်မှာ ကျင်းပခဲ့တဲ့ အဲဒီကရင်ရိုးရာချည်ဖြူဖွဲ့ အခမ်းအနားကို ဖားစည်တီး ဖွင့်လှစ်ခဲ့ပြီး ပုသိမ်တက္ကသိုလ်ယဉ်ကျေးမှုဌာနက ကရင်တိုင်းရင်းသား လူငယ်တွေက ကရင်ဒုံးယိမ်းနဲ့ ကပြဖျော်ဖြေခြင်း၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက လက်ချည်ပွဲအကြောင်း ရှင်းလင်းပြောကြားခြင်းတွေ ပါဝင်ခဲ့ပါတယ်။

 

အရင်ကတည်းက ကရင်ရိုးရာလက်ချည်ပွဲကို နေရာဒေသအသီးသီးမှာ ကျင်းပလေ့ရှိပေမယ့် တိုင်းအဆင့် ကျင်းပတာကတော့ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

 

အခမ်းအနားကို ဧရာဝတီတိုင်း အစိုးရအဖွဲ့နဲ့ နေရာအနှံ့အပြားက ကရင်တိုင်းရင်းသားတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဧရာဝတီတိုင်းမှာ  ကရင်လူမျိုး ၆ သိန်းကျော် နေထိုင်တယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ဧရာဝတီ #ပုသိမ် #ကရင်ရိုးရာလက်ချည်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW