ပေါင်းတည်မှာ ရေကြီးလို့ စာသင်ကျောင်းတချို့ပိတ်လိုက်ရပြီ

ပေါင်းတည်၊ သြဂုတ် ၁၃-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာ နွားသတ်ချောင်း မိုးကြီးရေလျှံမှုကြောင့် ကျေးရွာတချို့ ရေနစ်မြုပ်ပြီး စာသင်ကျောင်းတချို့ကိုလည်း ပိတ်ထားလိုက်ရပြီလို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာက သိရပါတယ်။

 

သြဂုတ်လ ၁၁ ရက်က စတင်ဝင်ရောက်လာခဲ့တဲ့ရေကြောင့် မြို့ပေါ်ရပ်ကွက်  ၅ ခု ကျေးရွာအုပ်စုနှစ်ခုတို့ ရေကြီးနစ်မြုပ်ခဲ့သလို ဒီနေ့ သြဂုတ် ၁၃ ရက်မှာတော့ စာသင်ကျောင်းအချို့လည်း ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။

 

“ကျနော်တို့ရုံးလည်း ရေဝင်နေတဲ့အတွက် စာရွက်စာတမ်းတွေကို ရေလွတ်ရာပြောင်းပြီးတော့ ရုံးခန်းကို မင်းရပ် ရပ်ကွက် အ.ထ.က မှာ ယာယီဖွင့်လှစ်ထားပါတယ်။ ပိတ်ထားတဲ့ကျောင်းတွေကတော့ ရေကျသွားရင် ပိတ်တဲ့ရက်တွေအတွက် အစားပြန်သင်တာတွေ ပြုလုပ်ပေးသွားမှာပါ။”လို့ မြို့နယ်ဒုတိယပညာရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

 

ရေကြီးရေလျှံမှုကြောင့် ပေါင်းတည် အ.ထ.က၊ အ.လ.က ဘုရားငါးဆူ အ.လ.က ရေလည်ကြီးကျောင်းတို့ ပိတ်ထားရပြီး ညောင်ကပ်ပင်နဲ့ သဖန်းပင်ဆိပ်ကျေးရွာအုပ်စုတွေမှာလည်း ရေကြီးနေတယ်လို့ သိရပါတယ်။

 

“ရေတက်လာတော့ အဆင်မပြေဘူး။ ချက်ရပြုတ်ရတာရော၊ ပစ္စည်းတွေလည်း ရေလွတ်ရာကို ရွှေ့ရတယ်။ အခုတော့ ရေနည်းနည်းတော့ ပြန်ကျပြီ။”လို့ သဖန်းပင်ဆိပ်ကျေးရွာနေ ဦးမြင့်ဦးက ပြောပြပါတယ်။

 

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ စာရင်းအရ မိုးကြီးရေလျှံမှုကြောင့် ပေါင်းတည်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၃ အုပ်စုက လယ်ဧကပေါင်း ၄၁၀၀ ကျော်လည်း ရေဝင်နစ်မြုပ်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ပေါင်းတည် #ပဲခူး #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW