၂၀၁၄ သန်းခေါင်စာရင်း ကောက်ခဲ့ပေမယ့် တိုင်းရင်းသားတွေရဲ့ မျိုးနွယ်စုအလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးတာမရှိလို့ လွှတ်တော်မှာ မေးမြန်း

နေပြည်တော်၊ သြဂုတ် ၁၄ – ၂၀၁၉

ကိုထွန်း(VOM)

 

တိုင်းရင်းသားရေးရာနဲ့  ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ဒီနေ့ သြဂုတ် ၁၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ မျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးဖို့ အစီအစဉ်ရှိမရှိ ဆိုတဲ့မေးခွန်းကို ကြယ်ပွင့်ပြ မေးမြန်းခဲ့ပါတယ်။

 

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီး ဖြစ်ပေမယ့် ဒီနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ မျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးခြင်း မရှိတဲ့အတွက် ထုတ်ပြန်ပေးဖို့ အစီအစဉ် ရှိမရှိ၊ ရှိပါက ဘယ်အချိန်အခါမှာ ထုတ်ပြန်မယ်၊ မထုတ်ပြန်နိုင်ပါက ဘာကြောင့်မထုတ်ပြန်နိုင်သေးကြောင်းကို သိရှိလိုတဲ့အတွက် မေးမြန်းခဲ့တာလို့ သိရပါတယ်။

 

ဦးလှထွန်းကျော်ရဲ့မေးမြန်းမှုနဲ့ ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “၂၀၁၄ သန်းခေါင်စာရင်းကောက်ယူခဲ့သော်လည်း လူမျိုးအမည် စာလုံးပေါင်းသတ်ပုံနဲ့ လူမျိုးစုငယ်များပါဝင်မှု စသည်တို့တွင် အငြင်းပွားဖွယ်ရာတွေ ရှိပါသဖြင့် ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပါ တိုင်းရင်းသား လူမျိုးများ၏ မျိုးနွယ်စု(လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်ပေးမယ့် အစီအစဉ် လောလောဆယ် မရှိသေးပါကြောင်းနဲ့ တိုင်းရင်းသားရေးရာ ကော်မတီဝင်များ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှု ပညာရှင်နဲ့ လူဦးရေ ပညာရှင်များ၊ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနဲ့ အဆင့်ဆင့် ညှိနှိုင်း သဘောတူညီမှု ရရှိပြီးမှသာလျှင် ထုတ်ပြန်သွားမည်ဖြစ်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

 

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မကောက်ယူမီနဲ့ ကောက်ယူပြီးကာလတွေမှာ လူမျိုးအမည်၊ ဖွဲ့စည်းမှု၊ လူမျိုးအုပ်စုတွေနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ် ကိစ္စရပ်တွေရှိခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေဆီက မေးမြန်းချက်၊ တင်ပြချက်တွေကို လက်ခံရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မေးခွန်းရဲ့ လူမျိုးမေးခွန်းထည့်သွင်းရာမှာ လူမျိုးအမည်များ မှားယွင်းနေတာ၊ တိုင်းရင်းသား ၁၃၅ မျိုးအပေါ် အခြေခံခြင်းဟာ ပကတိအခြေအနေနဲ့ ကိုက်ညီမှုမရှိတာ၊ လူမျိုးအုပ်စုကြီးတွေမှာ ပါဝင်တဲ့ လူမျိုးစုငယ် အရေအတွက် ကွဲလွဲနေတာ၊ သီးခြားလူမျိုး သတ်မှတ်ပေးရေး ကိစ္စ၊ မျိုးနွယ်စု ပြောင်းလဲသတ်မှတ်ရေးကိစ္စ၊ တိုင်းရင်းသားလူမျိုးများအဖြစ် သတ်မှတ်ပေးရေးကိစ္စ စတဲ့တောင်းဆိုမှုတွေလည်း ရှိခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

 

မေးခွန်းမေးမြန်းခဲ့သူ ဦးလှထွန်းကျော်ကတော့ ဝန်ကြီး ဦးသိန်းဆွေရဲ့ ဖြေကြားမှုနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိသလို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ဟာ အခုလောက်မခက်ခဲသင့်ကြောင်း၊ ဒါဟာ နိုင်ငံရေးအရ  နောက်ကွယ်မှာအကြပ်အတည်းတစ်ခုခုရှိကြောင်း ဝေဖန်ပြောဆိုပါတယ်။

 

#voiceofmyanmar #နေပြည်တော် #တိုင်းရင်းသား #၂၀၁၄သန်းခေါင်စာရင်း

Related posts

Leave a Comment

VOM News

FREE
VIEW