အာဖဂန် မင်္ဂလာပွဲ ဗုံးခွဲတိုက်ခိုက်ခံရ၊ လူ ၆၃ ဦးသေဆုံး ၂၀၀ နီးပါးဒါဏ်ရာရ

ကဘူး၊ သြဂုတ်-၁၈-၂၀၁၉

မျိုးဆက် (VOM)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးမှာ ကျင်းပတဲ့ မင်္ဂလာပွဲတစ်ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် လူ ၆၃ ဦးသေဆုံးပြီး ၂၀၀ နီးပါးဒါဏ်ရာရရှိသွားပါတယ်။

 

ဒီပေါက်ကွဲမှုဟာ အသေခံဗုံးခွဲသမားတစ်ဦးက မင်္ဂလာပွဲကျင်းပနေချိန်အတွင်းမှာ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ရှီးယိုက်မွတ်စလင်တွေ အများစုနေထိုင်တဲ့ မြို့ရဲ့ အနောက်ပိုင်းမှာ ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၀ မိနစ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

 

တိုက်ခိုက်မှုကို နောက်ကွယ်ကနေ ကြိုးကိုင်လုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ တာလီဘန်အဖွဲ့က ငြင်းဆိုပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဘယ်အဖွဲ့ကမှ ၀န်ခံပြောဆိုတာမျိုးမရှိသေးပါဘူး။

 

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ရှိ လူနည်းစုရှီယိုက်တွေကို တာလီဘန်နဲ့ အိုင်အက်စ်အဖွဲ့အပါအ၀င် ဆွန်နီမူစလင် စစ်သွေးကြွတွေက မကြာခဏဆိုသလို ပစ်မှတ်ထားတိုက်ခိုက်နေကြပါတယ်။

 

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေဆုံးသူအရေအတွက် တိုးမြင့်လာတာကို အာဖဂန် ပြည်ထဲရေ၀န်ကြီးဌာနက အတည်ပြုထားပါတယ်။ မင်္ဂလာခန်းမအတွင်းက ကသောင်းကနင်းလဲကျနေတဲ့ ခုံနဲ့ စားပွဲတွေကြားမှာ လူသေအလောင်းတွေပြန့်ကြဲနေတဲ့ ရုပ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန့်နှံ့နေပါတယ်။

 

ပေါက်ကွဲမှုဖြစ်ပြီး မိနစ် ၂၀ အကြာမှာ မင်္ဂလာခန်းမတစ်ခုလုံး မီးခိုးလုံးတွေဖုံးလွှမ်းနေပြီး အမျိုးသားတွေထိုင်တဲ့ဘက်အခြမ်းက လူအားလုံးနီးပါး သေဆုံးတာ၊ ဒါဏ်ရာရတာတွေ ဖြစ်ကုန်ကြတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

Ref : BBC

Photo : Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW