အိပ်နေစဉ် လက်နက်ကြီးကျည်စထိမှန်လို့ တပ်ကြပ်ကြီးတစ်ဦး သေဆုံး

မင်းပြား၊ သြဂုတ် ၂၀-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ တပ်မတော်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်စထိမှန်လို့ နေအိမ်မှာ အိပ်နေတဲ့ တပ်မတော်သား တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ပြီး ဇနီးသည်ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီပစ်ခတ်မှုဟာ မနေ့ သြဂုတ်လ ၁၉ ရက် ည ၉ နာရီလောက်မှာ မင်းပြားမြို့အခြေစိုက် အမှတ် ၃၈၀ တပ်ရင်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆင်ကြီးပြင်ကျော်လမ်း ဥယျာဉ်ခင်းထဲက တဲအိမ်မှာမိသားစုနဲ့အတူ အိပ်နေတဲ့ တပ်မတော်သား တပ်ကြပ်ကြီး ဦးလှထွန်းနဲ့ဇနီးကို လက်နက်ကြီးကျည်စထိမှန်ခဲ့တာလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

 

“မနေ့က ည ၉ နာရီလောက်မှာ လက်နက်ကြီးပစ်သံကို စကြားရတယ်။ ပစ်ပစ်ချင်းပါပဲ ဘယ်လောက်မှ မကြာဘူး၊ ကျည်စက အိမ်မှာအိပ်နေတဲ့ ကျနော့်ယောက်ဖနဲ့ ကျနော့်အစ်မကို ထိတယ်။ ယောက်ဖမှာက ဆီးခုံပေါက်သွားတယ်။ အစ်မှာလည်း ဒဏ်ရာတွေရသွားတယ်။ ဆေးရုံကိုတော့ ရောက်သွားတယ်။ ဒါပေမယ့် ဆုံးသွားတယ်။”လို့ ယောက်ဖတော်စပ်သူက ပြောပါတယ်။

 

သေဆုံးသူရဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဟာ နေမကောင်းဖြစ်နေတဲ့ သူ့ရဲ့အမေကို လာရောက်ပြုစုနေတာဖြစ်ပြီး တပ်ကြပ်ကြီး ဦးလှထွန်းကတော့ မျက်စိဆေးကုပြီး ရန်ကုန်ကအပြန် မိသားစုတွေဆီကို အလည်ရောက်ရှိနေတာ ဖြစ်တယ်လို့ ယောက်ဖတော်စပ်သူက ပြောပါတယ်။

 

ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်းရာမှာတော့“အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ မသိရသေးဘူး။ ဟုတ်မဟုတ် မသိရသေးပါဘူးခင်ဗျာ။”လို့ ပြောပါတယ်။

 

မင်းပြားမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားမှုတွေ ပြင်းထန်လာနေတာဖြစ်ပြီး ဒီနေ့ သြဂုတ် ၂၀ ရက် မနက်ပိုင်းကလည်း မင်းပြားမြို့နယ် ဖုန်သာချောင်းအတွင်းက တံခွန်တိုင်ကျေးရွာအနီးမှာ ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့လို့ တံခွန်တိုင်ကျေးရွာတို့နဲ့ ကုလားမတောင်ကျေးရွာတွေမှာ AA ဘက်ကလူတွေ ရှိမရှိ တပ်မတော်က ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

#voiceofmyanmar  #ရခိုင် #မင်းပြား #AA #တပ်မတော်

Related posts

Leave a Comment

VOM News

FREE
VIEW