ငြိမ်းချမ်းစွာဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးဆို

ဟောင်ကောင်၊ သြဂုတ်-၂၀-၂၀၁၉

မျိုးဆက် (VOM)

 

ဟောင်ကောင်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြတာဟာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့အတွက် စတင်အားထုတ်မှုတစ်ရပ်ဖြစ်ပြီး အစိုးရအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ကာ ရဲတပ်ဖွဲ့အပေါ် တိုင်ကြားမှုတွေကိုလည်း ကိုင်တွယ်သွားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။

 

အကြမ်းဖက်ဆန္ဒပြမှုတွေ မကြာခဏဆိုသလိုဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေဟာ သီတင်းပတ် ၁၁ ပတ်တိုင်အောင်ဖြစ်ပေါ်ခဲ့ပြီး တနင်္ဂနွေနေ့ကတော့ ဆန္ဒပြသူ သိန်းပေါင်းများစွာဟာ မိုးထဲရေထဲမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

 

ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ဟောင်ကောင်မှာ တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းခွင့်ပြုရမယ့် အငြင်းပွားဖွယ် ဥပဒေကြမ်းတစ်ရပ်ကြောင့်  ဇွန်လကစပြီး ဟောင်ကောင်ပြည်သူတွေ အမျက်ဒေသထွက်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ အဲဒီဥပဒေကြမ်းကို ဆိုင်းငံ့ထားပါတယ်။

 

လွတ်လပ်စွာ တရားစီရင်ခွင့်နဲ့ ဆန္ဒပြခွင့်များအပါအ၀င် ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်ကို ဟောင်ကောင်ပြန်ရောက်ပြီးနောက် တစ်ပြည်ထောင် စနစ်နှစ်ခု မူဝါဒအောက်မှာ အာမခံထားတဲ့ လွတ်လပ်မှုကို ထိပါးစေနိုင်တာတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာပြီး ဟောင်ကောင်မှာ ဆန္ဒပြမှုတွေနဲ့ မငြိမ်မသက်မှုတွေ စတင်လာတာ ဖြစ်ပါတယ်။

 

နောက်ထပ်ဆန္ဒပြတာတွေကိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နဲ့ သောကြာနေ့တို့မှာ ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာတော့ ဟောင်ကောင်ပြည်သူ ၁ ဒသမ ၇ သန်းပါဝင်ခဲ့ကြပါတယ်။

 

Ref : CNA

Photo : Reuters

 

#voiceofmyanmar #ဟောင်ကောင်

Related posts

Leave a Comment

VOM News

FREE
VIEW