ရသေ့တောင်မြို့နယ်က ကျေးရွာသားတွေ စစ်တွေမြို့မှာ လာရောက်ခိုလှုံ

ရသေ့တောင်၊ သြဂုတ် ၂၁-၂၀၁၉

ခိုင်းလင်းစံ (VOM)

 

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်တဲ့ ရသေ့တောင်မြို့နယ်မှာ တပ်မတော်စစ်ကြောင်းတွေ ကျေးရွာတွေထဲကို ရောက်ရှိလာတာကြောင့် ရွာသားတွေဟာ စိုးရိမ်ပြီး စစ်တွေမြို့မှာ လာရောက်ခိုလှုံနေကြပါတယ်။

 

အဲ့ဒီကျေးရွာသားတွေဟာ ရသေ့တောင်မြို့နယ် တောင်ပိုင်းဒေသမှာရှိတဲ့ ရွှေလောင်းတင်နဲ့ မြသီတာကျေးရွာသားတွေ ဖြစ်ကြပြီး အရင်ကတော့ အဲ့ဒီဒေသတွေဟာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေမဟုတ်ဘူးလို့ ထွက်ပြေးလာခဲ့ကြသူတွေက ပြောပါတယ်။

 

“ကျနော်တို့ရွာကို စစ်တပ်ကရောက်လာတယ်။ အစကတော့ ရွာသားတွေ ဘုန်းကြီးကျောင်းမှာ စုနေကြတယ်။ နောက် ပစ်ခတ်သံတွေကိုကြားရတော့ ထွက်ပြေးလာခဲ့ကြတယ်။ မနေရဲတော့ဘူး။ ရွာထဲကိုဝင်ပြီးတော့ ပစ်မှာကိုလည်း စိုးရိမ်တယ်။ တခြားရွာတွေမှာလို ဖြစ်မှာကိုကြောက်တာပေါ့။”လို့ အုန်းရည်ဖော်ကျေးရွာကို ရောက်ရှိနေတဲ့ ဦးသန်းဝင်းက ပြောပါတယ်။

 

အခုလ ပထမအပါတ်မှာ ထွက်ပြေးလာခဲ့ကြတဲ့ မြသီတာကျေးရွာသား ၆၀ ကျော်တို့ဟာ စစ်တွေမြို့မှာရှိတဲ့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ ယာယီခိုလှုံနေကြတာဖြစ်ပြီး ရွှေလောင်းတင်ကျေးရွာသား ၈၀ ကျော်တို့ကတော့ စစ်တွေနဲ့ ရသေ့တောင်မြို့နယ်အစပ်မှာရှိတဲ့ အုန်းရည်ဖော်ကျေးရွာမှာ ယာယီခိုလှုံနေကြတာ ဖြစ်ပါတယ်။

 

“ကျမတို့ကတော့ ရွာကိုပြန်ချင်တာပေါ့။ ဒါပေမယ့် မပြန်ရဲဘူး။ ဘာကြောင့်လဲဆိုတာ့ ရွာမှာက စစ်သားတွေရှိနေတယ်။ ဒီနေ့ထွက်သွားတယ်။ မနက်ဖြန်ပြန်ရောက်လာတယ်။ ဘယ်နေ့ပြန်သွားနိုင်မလဲဆိုတာ မသိတော့ဘူး။”လို့ ရွှေလောင်းတင်ကျေးရွာသူ ဒေါ်သန်းသန်းက ပြောပါတယ်။

 

ရသေ့တောင်မြို့နယ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း  မြန်မာတပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားမှု အဆိုးဆုံးအခြအနေနဲ့ ရင်ဆိုင်နေရတဲ့မြို့နယ်တစ်ခုဖြစ်ပြီး အဲ့ဒီကနေ စစ်တွေမြို့ကို ထွက်ပြေးလာခဲ့ကြတဲ့ စစ်ရှောင်အတွက် စစ်တွေမြို့နယ်အတွင်းမှာ ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၅ ခုအထိရှိနေပြီ ဖြစ်ပါတယ်။

 

 

#voiceofmyanmar #ရခိုင် #ရသေ့တောင် #စစ်တွေ #စစ်ရှောင်

 

Related posts

Leave a Comment

VOM News

FREE
VIEW