ညအချိန် တုတ်၊ဓါးတွေနဲ့ အုပ်စုဖွဲ့ ရမ်းကားတဲ့ လူငယ်တွေကို ဖမ်းဆီး

ပုသိမ်၊ သြဂုတ် ၂၆ – ၂၀၁၉

ကိုအောင် (VOM)

 

ဧရာဝတီတိုင်း ပုသိမ်မြို့မြကျွန်းသာအိမ်ယာဝင်းလမ်းမပေါ်မှာ မနေ့ သြဂုတ် ၂၅ ရက်ညအချိန်က အုပ်စုဖွဲ့ပြီး တုတ်၊ ဓါးလက်နက်တွေနဲ့  လမ်းသွားလမ်းလာတွေတွေကို အန္တရာယ်ပြုခဲ့တဲ့ လူငယ်တချို့ကို ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

 

“ညတွင်းချင်း ၇ ယောက် ချက်ချင်း မိပါတယ်။ ကျန်တဲ့ တရားခံတွေမိဖို့လည်း ကြိုးစားဆောင်ရွက်နေပါတယ်။”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

 

လူငယ် ၁၀ ဦးဟာ အရက်သေစာသောက်စားကာ တုတ်တွေ၊ ဓါးမြှောင်တွေနဲ့ အန္တရာယ်ပြုခဲ့တာကြောင့် ဆိုင်ကယ်စီး လည်ပတ်နေတဲ့လူငယ် ၆ ဦး၊ လမ်းမှာဆိုင်ကယ်စီးသင်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၃ ဦးတို့ ဒဏ်ရာတွေရရှိခဲ့ပြီး ပုသိမ်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ခေါင်းကွဲ၊ ပြတ်ရှဒဏ်ရာ ရရှိကြပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ လမ်းသွားလမ်းလာတွေကို အန္တရယ်ပြုခဲ့သလို ဆိုင်ကယ်နှစ်စီးကိုလည်း တုတ်တွေနဲ့ရိုက်ပြီး ဖျက်စီးခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

 

ရဲတပ်ဖွဲ့ဝင်တွေက ပုသိမ်မြို့အနှံ့ ပိတ်ဆို့ရှာဖွေခဲ့ရာမှာ ညတွင်းချင်းပဲ ပုသိမ်မြို့က KTV တစ်ခုမှာ ပြစ်မှုကျူးလွန်ခဲ့ကြတဲ့ လူငယ်တချို့ကို ဖမ်းမိခဲ့ပြီး သူတို့ဟာ အသက် ၁၆ နှစ်ကနေ ၂၂ နှစ်အတွင်း ရှိသူတွေဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။

 

ညအချိန် အုပ်စုဖွဲ့ပြီး လမ်းသွားလမ်းလာတွေကို အန္တရာယ်ပြုခဲ့တဲ့ အဲဒီလူငယ်တွေကို ပုသိမ်မြို့ မြို့မရဲစခန်းကနေ  (ပ)၅၅၆/ ၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၅၊၃၂၃၊ ၄၂၇၊ ၂၉၄၊ ၁၁၄ (ပ)၅၆၇/ ၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၂၆၊ ၃၃၆၊ ၃၅၄၊ ၃၂၃၊ ၅၀၆၊ ၁၁၄ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားပြီး လွတ်မြောက်နေတဲ့ တရားခံ ၃ ဦးကို ဖမ်းဆီးနိုင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

#voiceofmyanmar #ဧရာဝတီ #ပုသိမ် #တုတ်၊ဓါးလက်နက်တွေနဲ့ရမ်းကား

Related posts

Leave a Comment

VOM News

FREE
VIEW