ကျောက်မီးသွေးတွင်းပြိုကျပြီး လေးဦးပိတ်မိရာမှာ နှစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ပြီ

မင်းလှ၊ သြဂုတ်၂၇ – ၂၀၁၉

ဂျန်ကိုးလ်၊ ဖြူဖြူ (VOM)

 

မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ် ဆပ်ပြာကျေးရွာရဲ့ တောင်ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်မီးသွေးတွင်းတစ်ခု ပြိုကျလို့ လူ ၄ ဦးပိတ်မိနေတဲ့ထဲက ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ထုတ်ထားပြီလို့ အဲဒီကျောက်မီးသွေးတွင်းရှိ အလုပ်သမားတွေဆီက သိရပါတယ်။

 

“အလောင်းနှစ်လောင်းတော့ အပေါ်ရောက်ပြီ။ ဆက်ပြီးရှာဖွေယ်ရေး၊ ကယ်ဆယ်ရေးလုပ်နေတယ်။ ဝင်သွားတာလေးယောက်လို့ သိရတယ်။ ဒီမနက်အထိတော့နှစ်ယောက်တော့ရပြီ။”လို့ မင်းလှမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကိုက ပြောပါတယ်။

 

သြဂုတ် ၂၅ ရက်ညနေပိုင်းက တောင်ကျရေကြောင့် ကျောက်မီးသွေးတွင်းထဲ ရေဝင်ပြိုကျခဲ့တာဖြစ်ပြီး စိုးအောင် (၁၉ နှစ်)၊ ပိုင်စိုးဝင်း (၂၈ နှစ်)၊ နိုင်ထက်ဦး (၂၀ နှစ်)၊ အောင်ချမ်းသာ (၁၆ နှစ်) တို့ လေးဦးပိတ်မိနေခဲ့ရာမှာ သြဂုတ် ၂၆ ရက်ညနေမှာတော့ ကိုပိုင်စိုးဝင်းနဲ့ ကိုစိုးအောင်တို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ ပိတ်မိသူတွေရဲ့ဆွေမျိုးတစ်ဦးဖြစ်သူ ကိုဆလိုင်းက ပြောပါတယ်။

 

”မိုးကဒီလိုတခါမှမရွာဖူးဘူး။ သဘာဝရေဘေးကို အချိန်မီ မတားနိုင်လိုက်ဘူး။ သူတို့လည်း အမြန်ပြန်တက်ဖို့ ကြိုးစားပါတယ်။ နာရီဝက်အတွင်း ရေများလာပြီး ရေလုံးကရထားတွဲကို ရိုက်ချလိုက်တာ၊ အရမ်းဝမ်းနည်းရပါတယ်။”လို့ အဲဒီကျောက်မီးသွေးတွင်း ကုမ္ပဏီက တရုတ်လူမျိုးမန်နေဂျာရဲ့ စကားပြန် ကိုစိုင်းအောင်လင်းက ပြောပါတယ်။

 

အခုပြိုကျတဲ့ ကျောက်မီးသွေးတွင်းဟာ အင်ကြင်းတောင် ကုမ္ပဏီကနေ တူးဖေါ်နေတဲ့ လုပ်ကွက်ဖြစ်ပြီး ဒီကျောက်မီးသွေးတွင်းမှာ အလုပ်သမား ၄၀ ခန့်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

 

အဲဒီလုပ်ကွက်ဟာ အရင်အစိုးရလက်ထက်က အသေးစားအနေနဲ့ ချထားပေးခဲ့တာဖြစ်ပြီး အခုအစိုးရလက်ထက် သတ္တုတွင်းဥပဒေ၊ နည်းဥပဒေအရ အလတ်စားလုပ်ကွက်အဖြစ်ပြောင်းရမယ့်အချိန် ဖြစ်ပါတယ်။ အကြီးစား၊ အလတ်စားလုပ်ကွက်တွေကို ပြည်ထောင်စုအဆင့်က ချပေးထားတာဖြစ်တဲ့အတွက် အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့်က ကိုင်တွယ်မှာဖြစ်တယ်လို့ သိရပါတယ်။

 

“ကျနော်တို့ ခွင့်ပြုထားတာ မဟုတ်တဲ့အတွက် စစ်ဆေးမယ်။ တွေ့ရှိချက်ကို ပြည်ထောင်စုကို တင်ပေးရမယ်။ ပြည်ထောင်စုကလည်း ကျနော်တို့ တင်ဖို့မလိုရလောက်အောင်ပဲ ဒီမှာလာစစ်ဆေးနေပါပြီ။”လို့ မကွေးတိုင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။

 

လက်ရှိမှာ ပိတ်မိနေသေးတဲ့ နှစ်ဦးအတွက် တိုင်းအစိုးရဘက်က ကယ်ဆယ်ရေးလုပ်ဆောင်နေဆဲဖြစ်ပြီး ဖြစ်စဉ်အတွက် နေပြည်တော်သတ္တုတွင်းက လာရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ မင်းလှမြို့နယ်မှာ အသေးစားလုပ်ကွက် ၄၀ နဲ့ အလတ်စား ၁ ကွက် စမ်းသပ်တူးဖေါ်နေကြောင်း စုံစမ်းသိရှိရပါတယ်။

 

#voiceofmyanmar #ကျောက်မီးသွေးတွင်း #မကွေး #မင်းလှ #သရက်

Related posts

Leave a Comment

VOM News

FREE
VIEW