တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းက လက်နက်ကိုင်သုံးဖွဲ့အပါအဝင် ကေအိုင်အေနဲ့ အစိုးရငြိမ်းချမ်းရေးကောင်စီ ကျိုင်းတုံမှာတွေ့ဖို့ သေချာပြီ

သြဂုတ်၂၉ -၂၀၁၉

နေလင်း(VOM)

 

တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်လုပ်နိုင်ဖို့  ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ တအာန်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(ကိုးကန့်) MNDAA ၊ ရခိုင့်တပ်မတော် (AA) တို့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကောင်စီတို့ဟာ သြဂုတ် ၃၁ ရက်မှာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှာ တွေ့ဖို့ တချို့စတင်ခရီးထွက်သွားကြပြီ ဖြစ်ပါတယ်။

 

အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က သွားမယ့်အစီအစဉ်နဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေပြောပြတာက “ဗိုလ်ချုပ်ကြီးခင်ဇော်ဦးညှိနေတာ ခုတော့  ၃၁ ရက်နေ့ သတ်မှတ်လိုက်ပါပြီ။ နေရာက ကျိုင်းတုံဆိုတာတော့ သေချာပါပြီ ကျနော်တို့ဘက်က ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဦးဆောင်သွားမှာပါ။”  လို့ ဆိုပါတယ်။

 

တပ်မတော်ဘက်က ပါမယ်၊ မပါဘူးဆိုတာတော့ အတတ်မပြောနိုင်သေးဘူးလို့လည်း သိရပါတယ်။

 

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့ TNLA, AA, MNDAA တို့ကတော့ ဒီမနက် ၆ နာရီမှာ ငြိမ်းချမ်းရေးကော်မရှင်ဆီက ဖိတ်စာရတဲ့အကြောင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်ပြောပြတာက“ဖိတ်စာတော့လက်ခံရရှိပြီ။ ဘယ်သူတွေ သွားမလဲဆိုတာတော့ အထက်အဖွဲ့နဲ့ ပြန်ညှိနေတယ်။ လုံခြုံရေးပိုင်းကတော့ အဓိကကျတယ်။ တရုတ်ဘက်က လုံခြုံရေးဆောင်ရွက်ပေးရင် ပိုပြီးအဆင်ပြေမယ်။ ဆွေးနွေးဖို့ကတော့ အသေးစိတ်မပြောရသေးဘူး။ တွေ့ဆုံပွဲတွေက ရလဒ် ထွက်ဖို့လိုတယ်၊ ရလာဒ်မထွက်လို့ ထိုးစစ်တွေရှိလို့သာ တိုက်ပွဲတွေဖြစ်တာ။ ဒီတွေ့ဆုံပွဲကနေ အဆင်ပြေရင်တော့ ကောင်းတာပေါ။့” လို့  ဆိုပါတယ်။

 

တိုက်ပွဲတွေကတော့ ဒီနေ့ မနက်ပိုင်းမှာကို ကွတ်ခိုင်မြို့နား လုံစိန်နဲ့ ဖားတော့နားမှာ ၂ ကြိမ်ဖြစ်ခဲ့တယ်လို့လည်း ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။ သြဂုတ် ၁၅ ရက်ကစလာတဲ့ တိုက်ပွဲမှာ ၂ ဖက်လုံးက ထိခိုက်ကျဆုံးတွေရှိပေမယ့် အသေးစိတ်တော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

 

သြဂုတ် ၃၁ ရက် အဲဒီတွေ့ဆုံပွဲမှာ တိုက်ပွဲတွေ အချိန်အတန်ကြာရပ်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေလည်း ပါဝင်မှာဖြစ်ပါတယ်။ ကေအိုင်အေရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက“ ကျနော်တို့ မနက် ၆ နာရီခွဲက တရုတ်ပြည်ဘက်ကနေပတ်ပြီး ကိုယ်စားလှယ်အဖွဲ့တွေသွားကြပြီ။ အထွေထွေ ဦးလနန်း ဦးဆောင်ပြီး သွားကြပြီ။ ဆွေနွေးဖို့အကြောင်းအရာကတော့  အသေးစိတ်တော့ ကျနော်မသိဘူး။ တိုက်ပွဲတွေရပ်ဖို့ကိစ္စတွေ ဆက်ပြီးမှ တိုင်းပြည်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်ဖို့ကိစ္စတွေ ဆွေးနွေးကြမှာပါပဲ။” လို့ ပြောပြပါတယ်။

 

တိုက်ပွဲတွေဖြစ်နေတဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့  ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှု FPNCC ရဲ့နိုင်ငံရေးဦးဆောင်မှုတွေကြောင့် ငြိမ်းချမ်းဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းသွားမယ့်အကြောင်းနဲ့  မြန်မာစစ်တပ်က တရုတ်ရဲ့ စေ့စပ်မှုကို အလေးမထားလို့ အကြပ်အတည်းနဲ့ ရင်ဆိုင်ရတာဖြစ်ကြောင်း ရေးသားထားပါတယ်။

 

အစိုးရတပ်မတော်က ညီနောင်မဟာမိတ် ၃ဖွဲ့ကို ဆွေးနွေးဖက်အဖြစ် အသိမှတ်မပြုဘဲ တဖက်သတ် လက်နက်ချခိုင်းတဲ့ကိစ္စတွေကြောင့် တွေ့ဆုံမှုခက်ခဲကြောင်း၊ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ပြုလုပ်နိုင်ပါလျှက် ရခိုင်ဒေသကိုချန်ပြီး ကျန်ဒေသတွေကို တဖက်သတ်အပစ်ရပ်စဲစေခဲ့တာကြောင့် တွေ့ဆုံဆွေးနွေးပွဲတွေ ရပ်တန့်ခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

 

နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုလားပါကြောင်း ညီနောင် မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားတာပါ။

 

ဒီဇင်ဘာ ၂၁ ရက်က တပ်မတော်က အပစ်ခတ်ရပ်စဲကြောင်း ကြေငြာခဲ့ပြီး သက်တမ်းတိုးလာခဲ့တာဟာ သြဂုတ် ၃၁ ရက်မှာ အချိန်ပြည့်ပြန်ပြီ ဖြစ်ပါတယ်။ ဧပြီ ၃၀ ရက်က ရှမ်းပြည်မြောက်ပိုင်း တရုတ်၊ မြန်မာနယ်စပ် မူဆယ်မှာ အခုတွေ့မယ် မြောက်ပိုင်းမဟာမိတ်တွေနဲ့ တွေ့ပြီးနောက် ရှမ်းပြည်မြောက်ပိုင်း မိုင်းလား အထူးဒေသ(၄) နှစ် ၃၀ ပြည့်ပွဲအတွင်းမှာလည်း ကေအိုင်အေမပါဘဲ ခုတိုက်ပွဲဖြစ်နေတဲ့ ၃ ဖွဲ့နဲ့ တွေ့ပြီးနောက် သြဂုတ် ၃၁ ရက်တွေ့ဆုံပွဲဟာ တရားဝင် ဒုတိယအကြိမ်တွေ့ဆုံပွဲလို့ ဆိုရမှာဖြစ်ပါတယ်။

 

ဒီတွေ့ဆုံဆွေးနွေးပွဲက သဘောတူညီမှုရခဲ့ရင် တိုက်ပွဲတွေရပ်ပြီး အပစ်ခတ်ရပ်စဲရေးကို  နှစ်ဦးသဘောတူ ဆုံးဖြတ်နိုင်ရင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

 

#voiceofmyanmar  #KIA #MNDAA #AA  #TNLA #ငြိမ်းချမ်းရေးကော်မရှင် #ကျိုင်းတုံဆွေးနွေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW