တရုတ်လုပ်ငန်းရှင်ကို သတ်တဲ့သံသယကြောင့် မြန်မာလုပ်သားလေးဦး ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ သြဂုတ်-၃၀-၂၀၁၉

မျိုးဆက် (VOM)

 

ထိုင်းနိုင်ငံသားပိုင်ရှင်ဆီကနေ ဘန်ကောက်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို လွှဲပြောင်းဝယ်ယူလိုက်တဲ့ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သံသယကြောင့် မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

 

သံသယရှိသူမြန်မာလုပ်သားလေးဦးကို သြဂုတ် ၂၉ ရက်ညက ပတ္တရားမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး သူတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ၀န်ထောင်လန်ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။

 

ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သားလေးဦးရဲ့ အချက်အလက်တွေကို ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ဖို့ ငြင်းဆိုထားပေမယ့် သတင်းရင်းမြစ်တွေရဲ့အဆိုအရ သူတို့ဟာ အားတီ၊ အရှင်းနဲ့ဂျေကြီးဆိုသူတွေဖြစ်တယ်လို့ သိရပါတယ်။

 

သူတို့ဟာသြဂုတ် ၂၉ ရက် အစောပိုင်းက ၀န်ထောင်လန်ခရိုင်ရှိ အခင်းဖြစ်ရာစားသောက်ဆိုင်မှာ တရုတ်လုပ်ငန်းရှင် ချန်ယီဟိုင်ကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာလုပ်သားခုနှစ်ဦးထဲက လေးဦးဖြစ်တယ်လို့ ဆိုပါတယ်။

 

စီစီတီဗီမှတ်တမ်းတွေအရ မြန်မာလုပ်သား ခုနှစ်ဦးဟာ အခင်းဖြစ်ရာ စားသောက်ဆိုင်ကနေ မနက် ၃ နာရီဝန်းကျင်မှာ ထွက်ခွာခဲ့ပြီး အဲဒီနေ့မနက်ပိုင်းမှာ တရုတ်လုပ်ငန်းရှင်ရဲ့ အလောင်းကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

အလောင်းရဲ့ဘေးမှာတော့ ထိုင်းဘတ်ငွေ ၁၉၀၀၀ ကိုတွေ့ရှိခဲ့ပြီး သေဆုံးသူ ချန်ယီဟိုင်ရဲ့ ဆွေမျိုးသားချင်းတွေအဆိုအရ သူဟာ ထိုင်းနိုင်ငံသားပိုင်ရှင်ဖြစ်သူ ၀ီရော့ဆိုသူဆီကနေ စားသောက်ဆိုင်ကို လက်လွှဲယူဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

 

သေဆုံးသူတရုတ်နိုင်ငံသားဟာ သြဂုတ် ၂၀ ရက်ကတည်းက အဲဒီစားသောက်ဆိုင်ကို လာရောက်နေထိုင်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ့က အရက်သေစာသောက်စားပြီး ဆူညံနေတဲ့ မြန်မာလုပ်သားခုနှစ်ဦးကို သတိပေးကြိမ်းမောင်းခဲ့တာကြောင့် မြန်မာလုပ်သားတွေ ဒေါသထွက်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

Ref & Photo: The Nation

 

#voiceofmyanmar #တရုတ် #ထိုင်း #မြန်မာ

Related posts

Leave a Comment

VOM News

FREE
VIEW