မန္တလေး-မူဆယ်လမ်းမကြီးမှာ နှစ်ရက်ဆက်တိုက် ကားတွေမီးရှို့ခံနေရ လမ်းအသုံးပြုနေသူတွေ စိုးရိမ်နေ

မန္တလေး၊ သြဂုတ် ၃၀ – ၂၀၁၉

ဖြူဖြူ (VOM)

 

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ယာဉ်တွေ မီးရှို့ဖျက်စီးခံရမှု နှစ်ရက်ဆက်တိုက် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

 

ဒီနေ့ သြဂုတ် ၃၀ ရက် မနက်ပိုင်းက ခရီးသည်တွေကို အောက်ဆင်းခိုင်းကာ ခရီးသည်တင်ကား၊ ကုန်ကား၊ အိမ်စီးကားနဲ့ဆိုင်ကယ်တစ်စီးတို့ သိန္နီမြို့နယ်ထဲမှာ မီးရှို့ဖျက်စီးခံခဲ့ရသလို မနေ့ သြဂုတ် ၂၉ ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာလမ်းပိုင်းမှာ ကားတစ်စီး၊ ကွတ်ခိုင် ရှုခင်းသာမှာ ကုန်တင်ကားကြီးတစ်စီးကို မီးရှို့ဖျက်စီးသွားကြတယ်လို့ အဲဒီဒေသဘက်တွေကလာတဲ့ သတင်းတွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး နောက်ဆက်တွဲကတော့ လမ်းတံတားတွေ ဖျက်စီးခံရတာ၊ ခရီးသည်တွေ သေနတ်ပစ်ခတ်ခံရတာ၊ ပရဟိတကားတွေ ပစ်ခတ်ခံရတာ၊ မူဆယ် – မန္တလေးလမ်းပိုင်းအသုံးပြုနေတဲ့ ယာဉ်တွေ မီးရှို့ဖျက်စီးခံရတာတွေဖြစ်ပေါ်လာတာကြောင့် ကုန်သည်တွေနဲ့ ခရီးသွားပြည်သူတွေ စိုးရိမ်မှုမြင့်တက်နေပါတယ်။

 

“အခု ကျယ်ခေါင်မှာ ကားပိုင်ရှင်က မထွက်ခိုင်းတာနဲ့ နားနေရတယ်။ အခက်အခဲကတော့ ကိုယ်လုပ်နေတာက ကားမောင်းနေတာဆိုတော့ ဒုက္ခရောက်တာပေါ့ဗျာ။ ဖြစ်သွားရင် အကုန်လုံးဆုံးရှုံးတာ၊ ပိုင်ရှင်လည်းနစ်နာမယ်၊ ကုန်သည်လည်းနစ်နာမယ်၊ ကျနော်တို့လည်း ဒုက္ခရောက်တယ်။” လို့ မန္တလေး-မူဆယ် ကုန်ပို့နေတဲ့ ကားသမား ကိုတိုးဝေက ပြောပါတယ်။

 

အဲဒီဘက်တွေမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ AA ရခိုင့်တပ်မတော်၊ TNLA တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ MNDAA မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(ကိုးကန့်)တို့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။

 

မူဆယ်အခြေစိုက် ဆန်ကုန်သည် ဦးသက်နိုင်ထွန်းက “ကျနော်တို့ ရောင်းနေဝယ်နေတဲ့ လူတွေအတွက်ရော၊ အောက်ခြေလက်လုပ်လက်စားတွေကအစ လုပ်ငန်းရှင်တွေအထိ အကုန်လုံးဘယ်သူမှ အခြေအနေမကောင်းဘူး။ ကားသမားရော၊ ကားပိုင်ရှင်ရော၊ ကုန်သည်တွေအတွက်ရော ဘယ်သူ့အတွက်မှ မကောင်းဘူး။”လို့ ပြောပါတယ်။

 

ဆန်အရောင်းအဝယ် သိပ်မဖြစ်တဲ့ဒီနှစ်မှာတောင် တစ်ရက်ကို ၁၂ ဘီးတွဲကား အစီး ၃၀၊ ၄၀ လောက် မူဆယ်ဘက်အဝင်ရှိနေရာကနေ သြဂုတ် ၁၅ ရက်နောက်ပိုင်း တိုက်ပွဲတွေကြောင့် ဆန်တင်ပို့မှုမရှိတော့ဘူးလို့ ဆန်ကုန်သည်တွေကလည်း ဆိုပါတယ်။

 

ဒီပစ်ခတ် ဖျက်စီးမှုတွေနဲ့ ပတ်သက်လို့ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်ကရော၊ တပ်မတော်ဘက်ကပါ ထုတ်ဖေါ်ပြောဆိုမှုမရှိသလို ခံရတဲ့ ပြည်သူတွေဆီကလည်း ဘယ်လက်နက်ကိုင်အဖွဲ့ကလည်းဆိုတာ အတည်ပြုတာမျိုးတွေ မတွေ့ရပါဘူး။

 

#voiceofmyanmar #မန္တလေး #မူဆယ် #ဆန် #တိုက်ပွဲ #TNLA #AA #MNDAA #တပ်မတော်

 

photo – pradeeb basnate

Related posts

Leave a Comment

VOM News

FREE
VIEW