မူဆယ်-မန္တလေးရထားလမ်းအတွက် အသင့်ဖြစ်ကြပြီလား

နေလင်း (VOM)

 

မူဆယ်-မန္တလေးရထားလမ်းစီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလူထုတွေ့ဆုံပွဲတွေကို မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ ခပ်စိပ်စိပ်လုပ်လာနေပါတယ်။ ၂၆ ကြိမ်ပြည့်အောင်ကျင်းပပြီး Ever Green Tech Environmental services and Training Co.,Ltd က ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေ အပြင် လူထုတွေရဲ့ သဘောထားတွေကို ကောက်ခံမယ်လို့ လည်းသိရပါတယ်။

 

 

(Environmental Impact Assessment-EIA) ဆိုင်ရာလူထုတွေ့ဆုံပွဲတွေကို ဒီရက်ပိုင်း  မန္တလေးတိုင်းပုသိမ်ကြီးမြို့ နဲ့  ပြင်ဦးလွင်မှာ ကျင်းပသလို စက်တင်ဘာ ၁ရက်နေ့က နောင်ချိုမှာလည်း လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲမှာ အဓိကတော့ Ever Green Tech Environmental services and Training Co.,Ltd က ဦးဆောင်လုပ်ပြီး မြန်မာ့မီးရထားက တာဝန်ရှိသူတွေ နယ်မြေခံ အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက ရှင်းပြကြပြီးတော့ လူထုက သူတို့ဆန္ဒတွေသိချင်တာတွေကို ပြောကြဆိုကြပါတယ်။

 

 

မူဆယ်မန္တလေး လျှပ်စစ်အမြန်ရထားလမ်း ကီလိုမီတာ ၄၀၀ကျော်အတွက် ၂၀၁၈ခုနှစ် အောက်တိုဘာ ၂၂ ရက်က တရုတ်နဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ နားလည်မှုစာချွန်လာထိုးခဲ့ပြီးတော့ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်တာတွေ ကောင်းကင်မြေတိုင်းတာတွေ မြေပြင်စမ်းသပ်တာတွေ  တရုတ်နိုင်ငံက CREEC (China Railway Eryuan Engineering Group Co;Ltd) ကုမ္ဗဏီနဲ့  မြန်မာ့မီးရထားကတွဲဖက်ကူညီပြီး ကနဦးတိုင်းတာမှုတွေ လုပ်ပြီးဖြစ်တယ်လို့လည်း သိခဲ့ရပါတယ်။

 

 

 

မြန်မာ့မီးရထား တာဝန်ရှိသူတွေကရှင်းပြတာမှာတော့ ခုဖေါက်မယ့်ရထားလမ်းဟာ မြန်မာနိုင်ငံမှာ လက်ရှိသုံးနေတဲ့ ရထားလမ်းတွေထက် ၂ဆကျယ်မှာဖြစ်ကြောင်း၊ လျာထားထားတာကတော့ ၂လမ်းသွားနိုင်မယ့် လတ်တလော တလမ်းနဲ့ ရှောင်ကွင်းလမ်းကိုပဲ အရင်လု်ပမယ်လို့သိရပါတယ်။ ရထားရဲ့  တင်နိုင်အားကတော့ ရထားတွဲအပါအဝင်  တန် ၃ထောင် ရှိမှာပါ။ ရထားလမ်းအရှည်က၄၁၄ ကီလီုမီတာရှည်ပြီး ဒီရထားလမ်းမှာ  တံတား ၁၂၄ စင်း ဥမင်လှိုင်ခေါင်း ၆၀၊ ဥမင်တွေရဲ့ စုစုပေါင်းအရှည်ဟာ ၁၅၂ ကီလိုမီတာရှိမယ်လို့ ကနဦးတိုင်းထွာထားပါတယ်။  ရထားလမ်းဘေးမှာ  ဘူတာ ၃၆ခု ရှိပြီး လူလည်းစီးကုန်လည်းတင်မယ့် ဘူတာက ၇ ခု  မန္တလေးရဲ့ တောင်ဘက်အရပ်မှာတခု ၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ ၊ လားရှိုးအနောက်ခြမ်း ၊ ကွတ်ခိုင်၊ မူဆယ် တို့ဖြစ်ပြီး လူစီးသီးသန့် ဘူတာကတော့  မန္တလေးအရှေ့ခြမ်း၊ သီပေါ၊ နမ့်ခမ်း ၊ သိန္နီ နမ့်ဖက်ကာ ဖြစ်ပြီးတော့ လမ်းလွှဲဘူတာ ၂၄ခုရှိမယ်လို့  မြန်မာ့မီးရထားတာဝန်ရှိသူတွေ ရှင်းပြတဲ့ အချက်အလက်တွေအရ သိရပါတယ် ။

 

 

ရထားကတော့ လျှပ်စစ်ရထားဖြစ်လို့ ပြေးမယ့်သံလမ်းတွေကလည် နည်းပညာမြင့်တဲ့ စနစ်တွေသုံးထားပြီး တနာရီကို ကီလိုမီတာ ၁၆၀ ရောက်မှာပါ။ လက်ရှိ မြန်မာပြည်မှာ သုံးနေတဲ့  ရထားအရ မန္တလေးကနေ လားရှိုးကို ၁၆ နာရီနီးပါးကြာအောင်မောင်းရပေမယ့် ခုဖေါက်မယ့် ရထားလမ်းနဲ့ လျှပ်စစ်ရထားကတော့ ၃ နာရီပဲ ကြာမြင့်မှာပါ။ ကုန်းလမ်းကနေကားနဲ့ မန္တလေးမူဆယ် ၂၈၈မိုင်အကွာအဝေးကို ကားလေးက ၁၀နာရီမောင်းရပြီး ကုန်ကားတွေက ၁၂နာရီကြာတာအပြင် ခုလတ်တလော ဖြစ်ပျက်နေတဲ့တိုက်ပွဲတွေကြောင့် လုံခြုံမှုမရှိတာတွေ ရထားနဲ့ဆိုရင် စိတ်ချရပြီဆိုတာတွေ ရှင်းပြတာကိုကြားခဲ့ရပါတယ်။

 

ရထားလမ်း အတွက် ဒေသခံတွေရဲ့ စစ်တမ်းကောက်နေတဲ့ ကုမ္မဏီနဲ့ မီးရထားတာဝန်ရှိသူတွေကတော့ ဒီရထားလမ်းလုပ်ချင်းအားဖြင့် မူဆယ်မန္တလေးကို အချိန်တိုအတွင်းရောက်တာ၊ အဆင့်မြင့်နည်းပညာတွေရမှာ ၊ ဂုတ်တွင်းလိုနေရာမှာ ယာဉ်ပိတ်ဆို့မှုလျှော့ချနိုင်တာ တရုတ်ရဲ့ one belt one roadထဲရဲ့အစိတ်အပိုင်းဖြစ်လာမှာကြောင့် ထိုင်း အိန္ဒိယတို့နဲ့ အလွယ်တကူချိတ်ဆက်လာနိုင်တာကြောင့် နယ်စပ်ကုန်သွယ်ရေးတွေဖွံ့ဖြိုးလာမှာ အပြင် ခရီးသွားလုပ်ငန်းတွေ ပိုမိုအဆင်ပြေလာမှာကို ဦးစားပေးရှင်းပြကြပါတယ်။

 

 

ဒေသခံတွေဘက်ကတော့ သူတို့ဒီကိစ္စ အသေးစိတ်သေချာမသိရှိသေးတာတွေကိုပြောပြကြပါတယ်။ စိုးရိမ်မှုတွေကတော့ ဥယျာဉ်ခြံမြေတွေဆုံးရှုံးမှာစိုးရိမ်သလို ရထားလမ်းနဲ့ မလွတ်ရင် တိုင်းတပါးသားကို မရောင်းချလိုတာတွေ ၊ စီမံကိန်းပြီးရင် နိုင်ငံခြားလုပ်သားတွေ နေရပ်ကိုပြန်စေချင်တာ ၊ ရွာတွင်း မြို့တွင်းတွေဖြတ်သွားမှာကိုစိုးရိမ်တာ ၊ လယ်မြေ ဥယျာဉ်ခြံမြေတွေကို သွားရလာရခက်သွားမှာတွေ၊ စေတီပုထိုးတွေထိခိုက်မှာ၊ ကျွဲနွားစားကျက်မြေတွေ ထိခိုက်မှာတွေကို ဆွေနွေးတင်ပြကြပါတယ်။

 

 

စစ်တမ်းကောက်တဲ့ Ever Green Tech Environmental services and Training Co.,Ltd ကတော့ ဒါတွေကို သက်ဆိုင်ရာတင်ပြတဲ့အခါ ထည့်သွင်းတင်ပြပေးမယ်လို့ အာမခံပြီး ရထားလမ်းဆောက်လုပ်ဆဲ ဆောက်လုပ်ပြီးနောက်ပိုင်း စောင့်ကြည့်မှုကတော့ သူတို့ကို ဆက်ငှားရမ်းမှသာ စောင့်ကြည့်နိုင်မယ်လို့  သူတို့အနေအထားကို ပြန်ရှင်းပြပါတယ်။

 

ဒေသခံတွေ စိုးရိမ်သလိုအနေအထားတွေကို မြန်မာ့မီးရထားတာဝန်ရှိသူကို မေးကြည့်တော့လည်း ဒီရထားလမ်းအတွက် ကျွန်တော်တို့နိုင်ငံမှာ ဥပဒေ နည်းဥပဒေတွေ မရေးဆွဲရသေးပါဘူးဆိုတာ သိရသလို လူဝင်မှုကြီးကြပ်ရေးဥပဒေတွေ ရှိနေပြီးပေမယ့် ဒီရထားလမ်းပြေးရင် ဘယ်လိုတွေ စိစစ်မလဲဆိုတာတွေ အသင့်မရှိသေးတာကိုတွေ့ရပါတယ်။

 

 

တကယ်လို့ ဒီရထားလမ်းစီမံကိန်းလုပ်ဖြစ်မယ်ဆိုရင် ဆောက်လုပ်မယ့်ကာလကနေ ရထားပြေးဆွဲချိန်ထိ အချိန်အားဖြင့် ၅နှစ်အတွင်းမှာ ပြီးမယ်လို့သိရတဲ့အတွက် ဒီရထားလမ်းကိစ္စကို သေသေချာချာ လေးလေးနက်နက် စဉ်းစားပြီး ဘက်ပေါင်းစုံက စေ့စေ့စပ်စပ် ပြင်ဆင်မှသာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

 

 

ရှေးလူကြီးတွေပြောခဲ့တဲ့    “ တရုတ်ကဖိ ရှမ်းကအိ ရှိသည့်ဗမာ အနောက်မှာ “ တချို့ကြတောလည်း ကုလားကဖိ ရှမ်းကအိ  ရှိသည့်ဗမာ တောင်ရိုးမှာ” လို့ ဆိုကြတာ ကြားဘူးပါတယ်။  လူဦးရေထူထပ်တဲ့ နိုင်ငံကြီး ၃ ခုဖြစ်တဲ့  အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ တရုတ်နိုင်ငံကြားနေရတဲ့ မြန်မာနိုင်ငံအဖို့  “ ရှေ့မှာသင်ဖြူးနောက်မှာဆူး “  ဆိုသလို သာယာမယ့်ကောင်းကျိုးတခုတည်းမကြည့်ပဲ ဆိုးကျိုးတွေကိုလည်းထည့်တွက်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

 

 

ထည့်မတွက်ပဲ လုပ်ပြီးပြီဆိုမှဖြင့် ရှေ့တိုးတော့ ထမ်းပိုး နောက်ဆုတ်တော့ လှည်းထုပ် ဆိုသလို ရှေ့မတိုးသာ နောက်မဆုတ်သာ နားဖားကြိုးဆွဲသလို သွားရမယ့် ဘဝ မရောက်အောင် ကြိုတင်သတိထားမှ တန်ကာကျမှာဖြစ်ပါတယ်။

 

 

အချုပ်အားဖြင့် ဆိုရရင်တော့ ပြည်သူအတွက် ရေတိုရေရှည် အကျိုးစီးပွားကို ထည့်တွက်ဖို့လိုသလို ၊ စီးပွားရေးအကျိုးအမြတ်က ဘာတွေရှိနိုင်မလဲဆိုတာတွေအပြင် သဘာဝပတ်ဝန်းကျင် ရေမြေတောတောင်တွေ ပျက်စီးမှုနည်းဖို့၊  ယဉ်ကျေးမှု ကိုယ်းကွယ်ယုံကြည်မှုတွေ မထိခိုက်ဖို့ စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပြီး တိုင်းပြည်တိုးတက်ရေးနဲ့ ယှဉ်တွဲစဉ်းစားစေချင်တာဖြစ်ပါတယ်။ ဒီတော့ ဒါတွေအတွက် ကျနော်တို့ အသင့်ဖြစ်ပြီလား ဘယ်လောက်ပြင်ဆင်ပြီးပြီလဲ မေခွန်းထုတ်ရမှာဖြစ်ပါတယ်။

ဓါတ်ပုံ -china.org.cn

Related posts

Leave a Comment

VOM News

FREE
VIEW