လက်သည်မပေါ်တဲ့  ရှမ်းမြောက် ကားသမားတွေရဲ့ ဒုက္ခ

စက်တင်ဘာ ၅၊ ၂၀၁၉

VOM

 

ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရာဝန်းကျင်၊ လားရှိုး-မူဆယ် လမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တဲ့ ကားမီးရှို့ခံရတာတွေဟာ မြန်မာ့တပ်မတော်နဲ့ဖြစ်တဲ့ တိုက်ပွဲအတွင်း ဖြစ်ခဲ့တာလို့ မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေငြာပါတယ်။

 

စက်တင်ဘာ ၃ ရက်နေ့က နမ့်ကွတ်ရွာနားမှာ ကုန်တင်ကားတွေနဲ့ အိမ်စီးကား စုစုပေါင်း ၇ စီး မီးရှို့ခံခဲ့ရပြီး ကားဆရာနဲ့ ခရီးသည်တွေကို လူမှုကယ်ဆယ်ရေးအသင်းတွေက ကွတ်ခိုင်မြို့ကို ပို့ဆောင်ပေးခဲ့ရပါတယ်။

 

ဘယ်အဖွဲ့လည်းဆိုတာ မသိရတဲ့ လက်နက်ကိုင်တွေက ကားတွေကို တားခဲ့ပြီး၊ ကားဆရာနဲ့ ခရီးသည်တွေဆီက လက်ကိုင်ဖုန်းတွေ၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်နဲ့ ငွေတချို့ကို တောင်းယူပြီးနောက် ကားတွေကို မီးရှို့ခဲ့တာလို့ ခရီးသွားတွေဆီက သိရပါတယ်။

 

“ကျနော်တို့ကို ကားပေါ်ကဆင်းခိုင်းပြီး ကားဆရာတွေဆီက လိုင်စင်တွေ၊ မှတ်ပုံတင်တွေ တောင်းတယ်။ ပြီးတော့ ကျနော်တို့ အားလုံးဆီက ဖုန်းတွေကိုလည်း သိမ်းသွားတယ်။ ကျနော်တို့တွေဆီက ငွေကိုလည်း တောင်းသေးတယ်။ ဘယ်သူတွေမှန်းတော့ ကျနော်လည်း ကြောက်နေတာနဲ့ သေချာမကြည့်လိုက်ရဘူး။ ပြီးတော့ ကျနော်တို့ကို ထွက်သွားခိုင်းတယ်။ ကားတွေတော့ ရပ်ထားခဲ့ရတယ်။ ကျနော်က ခပ်လှမ်းလှမ်းက အိမ်လေးတခုနားရောက်တော့ ကားတွေ မီးလောင်တော့တာပဲ” လို့ ကွတ်ခိုင်မြို့ကို ရောက်လာတဲ့ ခရီးသွားတယောက်က VOM ကို ပြောပြပါတယ်။

 

မီးလောင်ပျက်စီးသွားတဲ့ ကုန်ကားလေးစီးဟာ မူဆယ်မြို့ကနေ အထည်အလိပ်တွေနဲ့ သစ်သီးတွေ သယ်လာတဲ့ကားတွေနဲ့၊ မူဆယ်ကိုပို့မယ့် ငါးတွေသယ်လာတဲ့ကားတွေဖြစ်ပါတယ်။ ဒါ့အပြင် အိမ်စီးကား ၃ စီးလည်းပါပါတယ်။

 

“သူတို့က ကျနော်တို့ရှေ့မှာ ကားတွေကို ကန့်လန့်ရပ်ပြီး ပိတ်ရပ်ထားတာဆိုတော့ မောင်းပြေးလို့က မရဘူး။ ပြီးတော့ သူတို့က သော့တွေပါ ဖြုတ်ယူသွားတာ။ သူတို့သော့မယူထားတဲ့ ကားသုံးစီးကတော့ တခြားကားတွေမီးလောင်နေတုန်း မောင်းပြေးလိုက်နိုင်တယ်” လို့ အဲ့ဒီခရီးသည်က ပြောပါတယ်။

 

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူကတော့ အဲ့ဒီနေ့ ညနေပိုင်းမှာ တပ်မတော် စစ်ကြောင်းတခုနဲ့ မဟာမိတ်သုံးဖွဲ့က လက်နက်ကိုင်တွေ နမ့်ဖက်ကာရွာနားမှာ တိုက်ပွဲတခု ဖြစ်ခဲ့တယ်၊ ဒီတိုက်ပွဲအပြီးမှာ ကားတွေမီးရှို့ခံရတာဖြစ်လို့ ဒါဟာ မဟာမိတ်သုံးဖွဲ့က လုပ်တာသာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

“ကျနော်တို့ရဲ့ စစ်ကြောင်းတခုနဲ့ နမ့်ဖက်ကာနားမှာ တိုက်ပွဲဖြစ်ပါတယ်။ စစ်ကြောင်းကို သူတို့ဖက်က လှမ်းပစ်တာကြောင့် အပြန်အလှန်ပစ်ကြတာပါ။ နောက်တော့ အဲ့ဒီအဖွဲ့တွေက ပြန်ဆုတ်သွားကြတယ်။ ပြီးတော့ သူတို့ဆုတ်သွားတဲ့ဖက်မှာ ဒီလို ကားတွေကိုတားတယ်၊ မီးရှို့ခံရတယ်ဆိုတာ သတင်းရပါတယ်။ ဆိုတော့ သူတို့လုပ်တယ်ဆိုတာ ဖြစ်နိုင်ချေအများကြီးပါ” လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

 

မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကတော့၊ သူတို့တပ်ဖွဲ့တွေဟာ မူဆယ်ကနေ ဆင်းလာတဲ့ကားတွေကို တားပြီး ဒီပတ်ဝန်းကျင်မှာ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တာကြောင့် ဆက်မသွားဖို့ သတိပေးပြောဆိုတာသာရှိပြီး၊ အဲ့ဒီလို ရှင်းပြနေချိန်မှာ မြန်မာ့တပ်မတော်ဖက်က လာပြီးပစ်ခတ်ခဲ့တယ်လို့ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

 

ဒီလို အပြန်အလှန်ပစ်ခတ်နေကြချိန်မှာ ကားလေးစီး မီးလောင်နေတာ တွေ့ရကြောင်း၊ နောက်နေ့မနက်မှာတော့ ကား ၇ စီးမီးလောင်ပျက်စီးတာကို တွေ့ရကြောင်း၊  နှစ်ဖက် တိုက်ပွဲတွေအကြား မီးလောင်ပျက်စီးသွားတဲ့ ခရီးသွားကားတွေအတွက် စိတ်မကောင်းကြောင်း ထုတ်ပြန်ကြေငြာချက်က ဆိုပါတယ်။

 

ဒါအပြင် မဟာမိတ် ၃ ဖွဲ့အနေနဲ့ ခုခံကာကွယ်စစ်ကို မလွဲမရှောင်သာလို့ လုပ်နေရတာသာဖြစ်ပြီး၊ ခရီးသွားပြည်သူတွေ ဘေးကင်းလုံခြုံဖို့ အကြိမ်ကြိမ် သတိပေး မေတ္တာရပ်ခံကြောင်း၊ ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်စေဖို့ ခရီးသွားတွေအနေနဲ့ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်စေလိုကြောင်းလည်း ထည့်သွင်းရေးသားထားပါတယ်။

 

သြဂုတ်လ ၁၅ ရက်နေ့၊ ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့က စစ်ဆေးရေးဂိတ်နဲ့ ဂုတ်တွင်းတံတားလုံခြုံရေးရဲကင်းတို့ကို တိုက်ခိုက်မှုတွေနောက် ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ မဟာမိတ် ၃ ဖွဲ့တို့ရဲ့ တိုက်ပွဲတွေက ပြင်းထန်ခဲ့ပါတယ်။

 

 

တိုက်ပွဲကာလ အတောအတွင်း၊ လားရှိုး-မူဆယ် ကားလမ်းမကြီးပေါ် သွားလာတဲ့ ကား ၃၀ နီးပါး မီးလောင်ကျွမ်းခဲ့ရပါတယ်။ တိုက်ပွဲဖြစ်ရာနေရာဝန်းကျင်က လူနေရပ်ကွက်တွေ၊ ရွာတွေမှာ ကျည်နဲ့လက်နက်ကြီး ကျတာအပါအဝင်၊ လူမှုကယ်ဆယ်ရေးကားတွေအပါအဝင် ကုန်တင်ကားတွေ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ အရပ်သား ၁၇ ဦးရှိခဲ့ပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာ ရခဲ့ရပါတယ်။

 

#voiceofmyanmar #ကားမီးရှို့ခံရ #ရှမ်းမြောက်တိုက်ပွဲ

ဓါတ်ပုံ Pradeep Basnate

Related posts

Leave a Comment

VOM News

FREE
VIEW