နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်သူ တရုတ်နိုင်ငံသား(၃)ဦး နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးနေ

နေပြည်တော် – စက်တင်ဘာ ၁၈-၂၀၁၉

ကိုထွန်း (VOM)

 

 

၂၀၁၉ စက်တင်ဘာ ၁၆ရက်  ညနေက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကျောက်မျက်ဝင်းအတွင်းမှာ  ၂၀၁၉ နှစ်လယ်ကျောက်မျက်ပြပွဲပြုလုပ်နေစဉ် လဝကမှူး ဦးညီညီလွင်ပါအဖွဲ့က ဝင်ခွင့်စိစစ်ရေး ကတ်ပြားကြိုတင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်တာမှာ သံသယဖြစ်စရာ တရုတ်နိုင်ငံသား ၃ ဦးကို တွေ့ရှိလို့ စစ်ဆေးခဲ့ပါတယ်။

 

အဲဒီ မသင်္ကာစရာနိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ဆောင်ထားသူ (၃)ဦးကို ဇမ္ဗူသီရိ မြို့နယ် လဝကဦးစီးမှူးရုံးတွင် လဝကဦးစီမှူး ဦးသန်းထူးနှင့်အဖွဲ့မှ ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

 

အဲလို  စစ်ဆေးတာမှာ  ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်ဟောင်ကျေးရွာ နေသူများဖြစ်ကြတဲ့  မောင်ဖုန်ကျင်းရှိ(၂၉)နှစ်(ဘ) ဦးဖုန်ထန်း၊ တရုတ်/ဗုဒ္ဓဘာသာသည် ၁၃/နခန(နိုင်) ၁၅၉၃၈၂ အား လည်းကောင်း၊ မောင်ဖုန်ကျင်းဟိုင်(၂၅)နှစ်(ဘ)ဦးဖုန်ထန်း၊ တရုတ်/ဗုဒ္ဓဘာသာသည် ၁၃/နခန(နိုင်)၁၅၉၃၉၈ ၊ မောင်ကျန်းကျောင်းဟန် (၃၀)နှစ်(ဘ)ဦးကျန်းရှ သည်၁၃/နခန(နိုင်)၁၅၉၃၉၀ တို့ ဖြစ်တယ်လို့ သိရပါတယ်။

 

နမ့်ခမ်းမြို့နယ် လဝကသို့ အတည်ပြုစုံစမ်းတဲ့ အခါမှာတော့ အဲဒီနံပါတ်တွေဟာ လက်ရှိအသုံးပြုနေသော နမ့်ခမ်း (နိုင်)နံပါတ်များထက် ကျော်လွန်နေသော (အသုံးမပြုရသေးသော)နံပါတ်များဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

 

မသင်္ကာသူ  (၃)ဦးကို ထပ်မံစစ်ဆေးခဲ့ရာမှာတော့  သူတို့ဟာ  ၅-၉-၂၀၁၉ နေ့က မြန်မာနိုင်ငံသို့ တရုတ်လေကြောင်းလိုင်း ခရီးစဉ်အမှတ် DR-5037၊ မန်စီ-မန္တလေးဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး မြန်မာစကားမတတ်သူ တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရတယ်လို့  ရဲမှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

 

သူတို့ ၃ဦးဟာ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ရှိ “စိန်လျှံ”တည်းခိုခန်း၊ နဲ့ စည်ပင်ဧည့်ရိပ်သာ(၂)မှာ နေထိုင်သူတွေဖြစ်ပြီး သက်ဆိုင်ရာမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါတယ်။

 

#voiceofmyanmar #နိုင်ငံသားစိစစ်ရေးကဒ်အတု #နေပြည်တော် #တရုတ်နိုင်ငံသား

 

Related posts

Leave a Comment

VOM News

FREE
VIEW