အမေရိကန်မှာ ကိုဗစ်-၁၉ လူနာတွေကို Remdesivir ဆေးနဲ့ ကုသဖို့ FDA ခွင့်ပြု

ဝါရှင်တန်၊ အောက်တိုဘာ-၂၂-၂၀၂၀
မျိုးဆက်(VOM)

အမေရိကန်တာဝန်ရှိသူတွေဟာ ဆေးရုံတွေမှာရှိတဲ့ ကိုဗစ်-၁၉ လူနာတွေကို Remdesivir ဆေးနဲ့ကုသဖို့ကို အပြည့်အဝခွင့်ပြုပေးလိုက်ပါတယ်။

Veklury ဆိုတဲ့အမည်ပေးထားတဲ့ အဲ့ဒီဆေးဟာ လက်တွေ့စမ်းသပ်မှုတွေအတွင်း လူနာတွေပြန်လည်ကျန်းမာလာချိန်ကို ၅ ရက်လျှော့ချပေးနိုင်တယ်လို့ အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန(FDA)ကဆိုပါတယ်။

Veklury ဆေးဟာ ကိုဗစ်-၁၉ ရောဂါကုသမှုပြုဖို့ FDA ရဲ့ခွင့်ပြုချက်ကို ပထမဆုံးရရှိတဲ့ဆေးဖြစ်တယ်လို့ FDA က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ Remdesivir ဆေးဟာ ကိုဗစ်-၁၉ လူနာတွေ ပြန်လည်ကျန်းမာလာချိန်နဲ့ အသက်ရှင်ဖို့ အခွင့်အလမ်းအပေါ် အနည်းငယ်သာသက်ရောက်မှုရှိ သို့မဟုတ် လုံးဝသက်ရောက်မှုမရှိဘူးလို့ လွန်ခဲ့တဲ့အပတ်က ပြောဆိုထားပါတယ်။

ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုယ်ပိုင်လေ့လာမှုအပေါ် အခြေခံပြီး ထုတ်ပြန်ထားတာဖြစ်ကာ ဆေးထုတ်လုပ်တဲ့ Gilead ကုမ္ပဏီကတော့ အဲဒီတွေ့ရှိချက်တွေကို ပယ်ချထားပါတယ်။

အမေရိကန်တာဝန်ရှိသူတွေဟာ ကိုဗစ်-၁၉ လူနာတွေကို Remdesivir ဆေးနဲ့အရေးပေါ် ကုသဖို့ကို မေလကတည်းက ခွင့်ပြုခဲ့ပါတယ်။

မကြာသေးမီအချိန်ကလည်း ရောဂါကူးစက်ခံခဲ့ရတဲ့ သမ္မတဒေါ်နယ်ထရန့်ကို အဲဒီဆေးနဲ့ ကုသမှုပေးခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြန်လည်ကျန်းမာလာပြီဖြစ်ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW