ဦးကျော်မြင့်အမှုက သက်သေအချို့ကို ပယ်ချခဲ့

အောက်တိုဘာ ၂၆-၂၀၂၀
ညီသစ်(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ် ။

ဒီနေ့ကတော့ ရဲအုပ်သိန်းဌေးက တရားလိုပြုလုပ်ပြီးတော့ ဦးကျော်မြင့်ကို တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ -၂၂၄ အရ ထောင်ပြေးမှုမှာ တရားခံပြသက်သေ ၁ ဦး စစ်ဆေးခဲ့ပါတယ်၊ တရားခံဘက်ကနေ သက်သေကို ၆ ဦး တင်ပြထားသော်လည်း ကျန်တဲ့ ၅ ဦးကို ပယ်သွားပါတယ်၊ ပယ်သွားတဲ့အတွက် ကျနော်တို့က နောက်လာမယ့် ရုံးချိန်းမှာ လျှောက်လဲချက် ကြားနားမှာ ဖြစ်ပြီးတော့ လျှောက်လဲချက်ကြားနာပြီးနောက်ပိုင်းမှာ အမိန့်ချဖို့ ဆက်ချိန်းဆိုမှာဖြစ်ပါတယ်၊ အဲ့ဒီ အမှုနံပါတ်ကတော့ ၇၈၃/၂၀၂၀ ပါ ။ နောက်တစ်မှု့ ကတော့အမှု့နံပါတ် ၈၃၇/၂၀၂၀ ဒုရဲမှူးအောင်အောင်မင်းကနေ ဦးကျော်မြင့်အပေါ် တရားစွဲဆိုထားတဲ့ လဝက ပုဒ်မ ၁၃(၁)အရ အမှု့မှာ ကျနော်တို့ သက်သေ (၅) ဦး စစ်ဆေးခဲ့ပါတယ် ။ (၅)ဦးစစ်ဆေးပြီးတော့ ကျန်တဲ့သက်သေ ၄ ဦးကိုတော့ လာမယ့် ရုံးချိန်းမှာ စစ်ဆေးဖို့အတွက် ရုံးချိန်း ချိန်းဆိုထားပါတယ် ။ အမှုနှစ်မှုစလုံးကို ၃.၁၁.၂၀၂၀ ရက်နေ့ကို ရွှေ့ပြောင်းချိန်းဆိုထားပါတယ်”လို့ ချမ်းအေးသာစံမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ရက်နေ့ ရုံးချိန်းမှာတော့ ဦးကျော်မြင့်ဟာ ထောင်ပြေးမှုပုဒ်မ -၂၂၄ အပြင် ၁၉၄၇ ခုနှစ်လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်)အက်ဥပဒေပုဒ်မ-၁၃ (၁) နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရတာလည်းဖြစ်ပါတယ်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ၁၂၊ ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်လိုက်တဲ့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ၂၇အရ ပါတီကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ အောက်တိုဘာ ၁၇ရက်နေ့ ညပိုင်းက ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်က အိုးဘိုထောင်မှာ အကျဉ်းကျနေတုန်း အကျဉ်းထောင်ပြင်ပ ဆေးကုသခွင့်ရတဲ့အချိန်မှာ ထွက်ပြေးခဲ့တဲ့အတွက် ထောင်ပြေးမှုပုဒ်မ- ၂၂၄နဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာ ၂၉ရက် ညပိုင်းမှာ နေပြည်တော်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဦးကျော်မြင့်

Related posts

Leave a Comment

VOM News

FREE
VIEW