မအူပင်ထောင်မှာ ကိုဗစ်ကူးစက်ခံရသူ (၁၀၀) ကျော်အထိရှိလာ

အောက်တိုဘာ ၂၇-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ မအူပင်မြို့အကျဉ်းထောင်မှာ ဒီကနေ့စစ်ဆေးချက်အရ အကျဉ်းသားနဲ့ဝန်ထမ်း(၁၀၄)ဦးမှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

မနေ့ အောက်တိုဘာ ၂၆ရက်နေ့က ရောဂါတွေ့ရှိသူအကျဉ်းသားရဲ့အဆောင်အတူနေသူတွေနဲ့ ထောင်ဝန်ထမ်းတွေအပါအဝင် လူဦးရေ(၁၅၀)ကို စစ်ဆေးခဲ့ရာမှာတော့(၆၉)ဦးမှာ ရောဂါတွေ့ရှိခဲ့ပြီး ဒီနေ့စစ်ဆေးမှုမှာတော့ (၃၅)ဦးထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“မအူပင်ထောင်အဆောင်(၆)က အကျဉ်းသား(၉၆)ဦးကိုစစ်ဆေးရာမှာ (၃၁)ဦးမှာရောဂါတွေ့ခဲ့ရပြီး၊ ထောင်ဝန်ထမ်း(၁၀)ဦးထဲက (၄)ဦးမှာရောဂါတွေ့ခဲ့ရတယ်၊ ထောင်အတွင်း ကိုဗစ်ထပ်မံကူးစက်မှုကို တားဆီးဖို့အတွက် မအူပင်မြို့နယ် ကျန်းမာရေးဌာနက ရောဂါတွေ့သူတွေနဲ့ထိတွေ့ခဲ့တဲ့ အကျဉ်းသားတွေ၊ ထောင်ဝန်ထမ်း၊ ထောင်ကအပြင်ထွက်ရမယ့်သူတွေကို ရောဂါရှိမရှိ ထပ်မံစစ်ဆေးသွားမယ်”လို့ ဧရာဝတီတိုင်းကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှုး ဒေါက်တာသန်းထွန်းအောင်ကပြောပါတယ်။

ဒီကနေ့အောက်တိုဘာ ၂၇ရက် မနက်ပိုင်းထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၉၄၉)ဦးထိရှိလာပြီး မအူပင်မြို့နယ်မှာ ဒီကနေအ့ထိ (၃၀၇)ဦးထိရှိလာနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၃)ရက်နေ့က အသက်ရူကြပ်နေတဲ့အကျဉ်းသားတစ်ဦးကို မအူပင်ဆေးရုံကို ခေါ်ယူစစ်ဆေးရာကနေ အောက်တိုဘာ(၂၅)ရက်နေ့မှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မအူပင် #အကျဉ်းထောင် #ကိုဗစ်ပိုးတွေ့သူ

Related posts

Leave a Comment

VOM News

FREE
VIEW