အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်စစ်ပွဲ တတိယမြောက်အပစ်ရပ်ရေး သဘောတူချက် ပျက်ပြားပြန်

ဘာကူး၊ အောက်တိုဘာ-၂၇-၂၀၂၀
မျိုးဆက် (VOM)

နာဂေါ်နို-ခါရာဘတ်ဒေသအငြင်းပွားမှုအပေါ် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား အောက်တိုဘာ ၂၆ ရက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်သက်ဝင်ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ထပ်မံပျက်ပြားသွားပြန်ပါတယ်။

ဒီအပစ်ရပ်ရေးသဘောတူညီချက်ဟာ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် နှစ်နိုင်ငံအကြား ရရှိခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့တာဖြစ်ပါတယ်။ အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်တာနဲ့ပတ်သက်ပြီး နှစ်ဘက်အပြန်အလှန်စွပ်စွဲနေကြေပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အပေါ် အခုလအစောပိုင်းမှာ ရရှိခဲ့တဲ့ အခြားအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနှစ်ခုဟာလည်း ကြေညာပြီးချက်ချင်း ပျက်ပြားခဲ့ပါတယ်။

နှစ်နိုင်ငံအကြား တိုက်ပွဲတွေဟာ တောင်တန်းဒေသမှာ စက်တင်ဘာ ၂၇ ရက်ကတည်းက ဖြစ်ပွားနေပြီး မကြာသေးမီရက်ပိုင်းအတွင်း ပိုမိုပြင်းထန်လာခဲ့ပါတယ်။

နောက်ဆုံးရရှိခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အမေရိကန်၊ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားအစိုးရတို့က အောက်တိုဘာ ၂၅ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက် မနက် ၄ နာရီမှာ စတင်သက်ဝင်ခဲ့ပါတယ်။

ဒါပေမယ့် သဘောတူညီချက်သက်ဝင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အာမေးနီးယားတပ်ဖွဲ့ဝင်တွေဟာ သဘောတူညီချက်ကို အကြီးအကျယ်ချိုးဖောက်ပြီး တာတာမြို့နဲ့ အနီးဝန်းကျင်ရှိ ကျေးရွာတွေကို ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ အဇာဘိုင်ဂျန်က စွပ်စွဲပြောဆိုပါတယ်။

အဇာဘိုင်ဂျန်ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက် ရှေ့တန်းဒေသတွေရှိ စစ်စခန်းများကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့လို့ အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

Ref : BBC
Photo: AFP
#voiceofmyanmar #VOM #ဘာကူး

Related posts

Leave a Comment

VOM News

FREE
VIEW