ကြက်ဝိုင်း ဝင်ဖမ်းချိန် တိုက်ကြက်ခွပ်ခံရလို့ ရဲအရာရှိတစ်ဦးသေဆုံး

မနီလာ၊ အောက်တိုဘာ-၂၈-၂၀၂၀
မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံ၊ မြောက်ဆာမာပြည်နယ်မှာ တရားမဝင်တိုက်ကြက်လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးချိန် ကြက်ခွပ်ခံရလို့ ရဲအရာရှိတစ်ဦးသေဆုံးသွားပါတယ်။

ဒီလိုဝင်ရောက်စီးနင်းစဉ်မှာ ရဲအရာရှိတစ်ဦးဖြစ်သူ ခရစ်စတင်းဘိုလတ်ခ်ဟာ ကြက်ခွပ်ခံခဲ့ရပြီး တိုက်ကြက်ရဲ့ ခြေထောက်တွေမှာ တပ်ဆင်ပေးလေ့ရှိတဲ့ ခွျှန်ထက်တဲ့ ဓါးသွားနဲ့ ထိုးမိခဲ့တာဖြစ်ပါတယ်။

တိုက်ကြက်ခြေထောက်က ဓါးသွားဟာ သူရဲ့ ဘယ်ဘက်ပေါင်ကို ထိုးမိပြီး အဓိကသွေးလွှတ်ကြောကို ဖြတ်တောက်ခဲ့ပါတယ်။ သူ့ကိုချက်ချင်းဆေးရုံတင်ပို့ခဲ့ပေမယ့် ဆေးရုံရောက်ရောက်ချင်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ကတည်းက ကြက်တိုက်တာတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။ ကပ်ရောဂါမတိုင်ခင်ကတော့ ဒေသတွင်းပွဲတော်တွေမှာ သုံးရက်၊ တနင်္ဂနွေနေ့တိုင်းနဲ့ တရားဝင်အားလပ်ရက်တွေမှာ ကြက်ဝိုင်းတွေကို ခွင့်ပြုပေးထားပါတယ်။

ဒီဖြစ်ရပ်ဟာ ရှင်းမပြနိုင်တဲ့ ကံဆိုးမိုးမှောင်ကျမှုဖြစ်တယ်လို့ ပြည်နယ်ရဲမှူးကြီး Arnel Apud ကအေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။ ဒီသတင်းကို စပြီးကြားချိန်မှာ မယုံကြည်နိုင်ခဲ့ကြောင်း၊ ဒါဟာ မိမိရဲ့ ရဲလုပ်သက် ၂၅ နှစ်အတွင်းမှာ တိုက်ကြက်တစ်ကောင် အခွပ်ခံရလို့ ရဲတစ်ဦးကျဆုံးသွားတာကို ပထမဆုံးကြုံရတာဖြစ်တယ်လို့ ပြည်နယ်ရဲမှူးကြီးက ပြောပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW