ပါတီကြီး ၂ခုက အင်အားပြလှည့်လည်ချိန် ပြဿနာမဖြစ်ဖို့ ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်​ခဲ့

အောက်တိုဘာ၂၈-၂၀၂၀
ဂျန်ကိုးလ် (VOM)
မကွေးမြို့မှာ ပြည်ခိုင်ဖြိုးပါတီနဲ့ NLDပါတီ ၀န်းရံသူတွေက ဒီကနေ့နေ့လယ်ပိုင်း အင်အားပြလှည့်လည်နေချိန် ပြဿနာမဖြစ်ဖို့အတွက် မကွေးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်​ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
ရေနံချောင်းမြို့ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာကြတဲ့NLDဝန်းရံသူတွေနဲ့ မကွေးမြို့ပေါ်မှာလှည့်လည်နေကြတဲ့ USDPပါတီထောက်ခံသူတွေ ထိပ်တိုက်တွေ့ဆုံပြီး ပြဿနာဖြစ်မှာကိုဒေသခံတွေစိုးရိမ်နေချိန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းရဲတပ်ဖွဲ့မှူးတို့က အချိန်မှီလာရောက်ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ ကြံ့ခိုင်ရေးက ဒီမှာသူတို့လှည့်လည်ပြီးတော့စည်းရုံးအင်အားပြတယ်၊ ရေနံချောင်းကလည်း NLDဝန်းရံသူတွေကလည်း စက်လှေတွေနဲ့လာပြီးထောက်ခံအားပေးတယ်၊ အဲ့ဒီ၂ဖွဲ့ကြားမှာပြဿနာမဖြစ်အောင်ထိန်းရတာပါ၊ အေးအေးဆေးဆေး ထိန်းနိုင်တဲ့အတွက်ပြဿနာတစ်စုံတစ်ရာမဖြစ်တာကြောင့် ဝမ်းသာပါတယ်၊ ၂ဖက်လုံးက နင်းကန်တက်ကြွနေကြ​ပြီးစိတ်ကလှုပ်ရှား‌နေကြတော့ တစုံတခုဖြစ်သွားရင်မကောင်းဘူး၊ အဲ့ဒါကြောင့်မလို့ လာတားလိုက်တယ်၊ တားနိုင်လိုက်တော့ ပြဿနာမဖြစ်ပါဘူး၊ တိုင်းရဲမင်းကြီးလည်း ကျေးဇူးတင်ပါတယ်သူပြောလို့သိရတာ” လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လာရောက်ဖြေရှင်းချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရေနံချောင်းကလာတဲ့ စက်လှေအဖွဲ့နဲ့ မြို့ပေါ်မှာလှည့်လည်နေတဲ့ ၀န်းရံနေသူတို့ ကမ်းနားလမ်းမှာ စတင်ဆုံတွေ့ကြတာဖြစ်ပြီး လူအင်အားများပြားလွန်းတဲ့အတွက် ရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့လမ်းကြောင်းလွှဲကာ ဝန်ကြီးချုပ်က တားမြစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရ​ပါတယ်။
မကွေးတိုင်းမှာ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတုန်းက NLDပါတီဟာ မဲအများဆုံးနဲ့ ယှဥ်ပြိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW