ကိုဗစ်ကြောင့် အသွားလာကန့်သတ်ခံထားရတဲ့ စိုင်တီစုကျေးရွာမှာ စားဝတ်နေရေးခက်ခဲလာ

အောက်တိုဘာ၂၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်‌း၊ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာအုပ်စုမှာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုနူန်းများပြားလာတာကြောင့် အခုလ၁၆ ရက်နေ့ကတည်းက အသွားအလာကန့်သတ်ခဲ့ပြီးနောက် ထောက်ပံ့မှုမရရှိတဲ့အတွက် စားဝတ်နေရေးခက်ခဲလာတယ်လို့ စိုင်တီစုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းလွင်က ပြောပါတယ်။

” နှစ်ပတ်နီးပါးရှိလာတာကြောင့် စားဝတ်နေရေးခက်လာတယ်။ အထောက်အပံ့မရှိတာလည်းပါသလို လက်လုပ်လက်စားများတာလည်း တစ်ပိုင်းပါမှာပေါ့။ လိုအပ်တာက မီးဖိုချောင်သုံးပစ္စည်းနဲ့စားသောက်ကုန်ပါ”လို့ ဦးဆန်းလွင်က ပြောပါတယ်။

စိုင်တီစုကျေးရွာအုပ်စု၊ စိုင်တီစုရွာမှာ ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးအထိရှိခဲ့ပြီးနောက်ပိုင်း ကျေးရွာတစ်ခုလုံးကို အသွားအလာကန့်သတ်ထားတာဟာ နှစ်ပတ်နီးပါးရှိလာပြီဖြစ်တယ်လို့ ဝေါမြို့နယ် Covid-19 ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ သိရပါတယ်။

” ရွာက အမျိုးသမီးတစ်‌ယောက် အနံ့မရလို့ဆေးရုံမှာသွားစစ်ဆေးတာကနေ ရောဂါပိုးစတွေ့တာ။ သူနဲ့ဆက်စပ်သူတွေပါ Positive ဖြစ်ကုန်တော့ အသွားအလာကန့်သတ်လိုက်တယ်။ ဈေးဝယ်ပြီး လာပို့သူတွေရှိ‌ပေမယ့် ပိုက်ဆံရှိသူတွေပဲ အဆင်ပြေမှာပါ”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

အခုလို အသွားအလာကန့်သတ်ခံထားရပြီး စားဝတ်နေရေးခက်ခဲလာတဲ့ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာက ကျေးရွာသားတွေကိစ္စနဲ့ပတ်သက်ပြီး ဝေါမြို့နယ် အုပ်ချုပ်ရေးမှူး‌ဦးနေဇော်အောင်ကို ဖုန်းနဲ့ဆက်သွယ်စုံစမ်းမေးမြန်းပေမယ့် လက်ခံဖြေကြားမှုမပြုခဲ့ပါဘူး။

ဝေါမြို့နယ်အတွင်း ကိုဗစ် ပထမလှိုင်းကာလမှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ မရှိခဲ့ပေမယ့် ဩဂုတ်လပထမ‌ပတ်နောက်ပိုင်း Covid-19 ရောဂါပိုးတွေ့လူနာ ၉၄ ဦးရှိခဲ့ပြီး စိုင်တီ
စုကျေးရွာမှာ ပိုးတွေ့လူနာ ၁၁ ဦးနဲ့ ရပ်‌တန့်နေတယ်လို့ ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်မိုးနိုင်က ပြောပါတယ်။

ဝေါမြို့နယ် စိုင်တီစုကျေးရွာ‌မှာနေတဲ့ ခရီးသွားရာဇဝင်မရှိသူ အမျိုးသမီး(၂)ဦး အနံ့မရတဲ့အတွက် အောက်တိုဘာလ၂၁ရက်နဲ့ ၂၂ ရက်နေ့တွေမှာ သွားရောက်ပြသစစ်ဆေးခဲ့ရာကနေ ကိုဗစ်ရောဂါတွေ့ရှိခဲ့ပြီး အဲ့ဒီအမျိုးသမီးဆက်စပ်သူတွေကို ဆက်လက်စစ်ဆေးရာ အတည်ပြုလူနာ ၉ ဦးထပ်မံစစ်‌ေ‌ဆးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝေါ #ကိုဗစ် #အသွားအလာကန့်သတ် #စိုင်တီစု #စားဝတ်နေရေးခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW