မဲရုံပစ္စည်းတွေပို့ဆောင်တဲ့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို RCSS/SSAက သေနတ်နဲ့ပစ်ခတ်

အောက်တိုဘာ ၂၈-၂၀၂၀
အေးချမ်းသူ(VOM)

ရှမ်းပြည်နယ်တောင်ပိုင်း ၊လင်းခေးခရိုင်၊ မိုင်းပြန်မြို့နယ်အတွက် မဲရုံပစ္စည်းတွေလာရောက်ပို့ဆောင်တဲ့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို RCSS/SSAအဖွဲ့က သေနတ်နဲ့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးနဲ့ ဌာနခွဲစာရေးတို့ သေနတ်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က VOMကိုပြောပါတယ်။

“ဖြစ်တာက နေ့လည် ၁နာရီခွဲလောက်မှာဖြစ်တာဗျ။ နာလောကျေးရွာအုပ်စု၊ ဟွေရှယ်ရွာသစ် အနီးတစ်ဝိုက်မှာ RCSS/SSAအဖွဲ့က ခရိုင်အုပ်ချုပ်ရေးမှူးပါလာတဲ့ကားကို လက်နက်ငယ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာပါ”လို့ ဦးထင်ကျော်က ပြောပါတယ်။

လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ နဲ့ ဌာနခွဲစာရေး ဦးနေမင်းအောင်တို့ဟာ မနေ့ အောက်တိုဘာ ၂၇ရက်နေ့ မနက်ပိုင်းက မိုင်းပန်မြို့နယ်အတွက် မဲရုံပစ္စည်းတွေကို လာရောက်ပို့ဆောင်ပြီး အပြန် မြို့ပြင်ဘက်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ရှမ်း
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က VOMကိုရှင်းပြပါတယ်။

အခုလို လက်နက်ငယ်ပစ်ခတ်ခံရမှုကြောင့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ဘယ်ဘက်ပေါင်ထိမှန်ဒဏ်ရရှိခဲ့ပြီး ဌာနခွဲစာရေး ဦးနေမင်းအောင်ကလည်း ဘယ်ဒူး ကျည်ထိမှန်ခဲ့ကာ မိုင်းပန်ဆေးရုံက တဆင့် တောင်ကြီးစပ်စံထွန်းဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဦးထင်ကျော်ကပြောပါတယ်။

လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ကိစွနဲ့ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးအုပ်ခေးကို ဆက်သွယ်မေးမြန်းရာမှာတော့ “လုံခြုံရေးယူနေတဲ့အဖွဲ့က ယာဉ်တန်းလာတော့ ကြောက်လန့်တကြားနဲ့ ပစ်ခတ်လိုက်တာပါ။ ဒီလိုသွားမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက်ညိုနှိုင်းထားသင့်တာပေါ့။ အခုက ညိုနှိုင်းမထားဘဲလာတော့ လုံခြုံရေးအဖွဲ့က လှမ်းပစ်လိုက်တာပါ”လို့ VOMကိုပြောပါတယ်။

(RCSS/SSA)အဖွဲ့က အခုလိုပစ်ခတ်ခဲ့တဲ့အဖွဲ့ကို တပ်တွင်းစည်းကမ်းတွေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး နယ်မြေအတွင်းလှုပ်ရှားသွားလာပါက ဌာနဆိုင်ရာအနေဖြင့် ညိုနှိုင်းပြီးမှ သွားလာသင့်တယ်လို့ ဒု-ဗိုလ်မှူးကြီး အုပ်ခေးက ရှင်းပြပြောဆိုပါတယ်။

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ဟာ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၀ ခုနဲ့ ကျေးရွာပေါင်း ၃၉ ရွာဖြင့်ဖွဲ့စည်းထားပြီး လူဦးရေ (၁၄၅၇၂)ဦးရှိတဲ့ မြို့နယ်တစ်ခုဖြစ်ကြောင်း မိုင်းပန်မြို့နယ်ဒေသဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။

မိုင်းပန်မြို့နယ်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ လာမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #လင်းခေး #ခရိုင်အုပ်ချုပ်ရေးမှူး #RCSS/SSA #သေနတ်နဲ့ပစ်ခတ်

Related posts

Leave a Comment

VOM News

FREE
VIEW