ကျွန်းရင်းရွာမှာဖြစ်ခဲ့တဲ့ မဲမသမာမှုဖြစ်စဉ်က ကြိုတင်မဲဆန္ဒရှင်တွေကို နိုဝင်ဘာ ၈ရက်နေ့မှာ ပြန်လည်မဲပေးဖို့ခွင့်ပြုထား

အောက်တိုဘာ ၃၁-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ရက်နေ့ကဖြစ်ခဲ့တဲ့ မဲမသမာမှုဖြစ်စဉ်က ကြိုတင်မဲဆန္ဒရှင်တွေကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြန်လည်မဲပေးဖို့ ခွင့်ပြုထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်ကပြောပါတယ်။

ကျွန်းရင်းကျေးရွာမှာ အသက်၆၀နှစ်အထက်ကြိုတင်မဲကောက်ယူနေချိန် သက်ကြီးရွယ်အိုများရဲ့ဆန္ဒကိုလွန်ဆန်ကာ မဲလက်မှတ်တွေပေါ်မှာ အစိမ်းပါတီတစ်ခုတည်းကိုပဲ တံဆိပ်တုံးထုနှက်တယ်လို့ ရွာသူရွာသားတွေက စွပ်စွဲခဲ့တဲ့အတွက် ရွာသူရွာသားတွေနဲ့ မဲရုံတာဝန်ရှိသူတို့ ပြဿနာဖြစ်ခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်ပြောတာက”ပေါက်မြို့နယ်အနေအထားကတော့ အခင်းမဖြစ်ခင် အသက်၆၀နဲ့အထက် ကြိုတင်မဲပေးပြီးသားက လူ၄၀ရှိတယ်၊ အဓိက ပြဿနာဖြစ်တာက၂၄ဦး၊ ရွာခံတွေက တောင်းဆိုတာက ၁။အချက်မဲပုံးကြီးကိုဖွင့်ပြပါ၊ ၂။အချက်က သူတို့မသင်္ကာတဲ့ ကိုယ်စားပေးခဲ့တဲ့ လူ၂ဦးကိုအရေးယူပေးပေါ့၊ ဒါက တရားဝင်စုံစမ်းစစ်ဆေးနေပြီ၊ ဟုတ်ခဲ့ရင်အရေးယူမယ်၊ နောက် ၃။အချက်က ကြိုတင်မဲပေးခဲ့တဲ့လူ ၄၀ဦးကို နိုဝင်ဘာ ၈ ရက်နေ့မှာ မဲပြန်ပေးဖို့ခွင့်ပြုဖို့တောင်းဆိုတယ်၊ သူတို့ရဲ့အခွင့်အရေးမဆုံးရှုံးအောင် ၈ရက်နေ့မှာ မဲပြန်ပေးဖို့ ခွင့်ပြုမယ်လို့ ကျနော်တို့ဆုံးဖြတ်ခဲ့တယ်၊ ဗဟိုကိုလည်းပြောပြတယ်သဘောတူတယ်၊ ဒီမဲပုံးထဲကဟာကို သူတို့မစဉ်းစားစေချင်ဘူး၊ ရွေးကောက်ပွဲနေ့ကြရင်လာပေးပါ မပေးရင်တော့ သူတို့သဘောပေါ့နော်”လို့ ပြောပါတယ်။

မကွေးတိုင်းအတွင်းက ကျေးရွာတချို့ရဲ့ကြိုတင်မဲကောက်ခံရာမှာ ဘောပင်နဲ့အမှန်ခြစ်ဆန္ဒပြုမှုဟာ ပယ်မဲမဖြစ်သလို ကျွန်းရင်းရွာဖြစ်စဉ်မှာလည်း မဲပေးခဲ့သူ ၄၀ဦးလုံးစလုံးကို နိုဝင်ဘာ၈ရက်နေ့မှာ ပြန်လည်ဆန္ဒမဲပေးနိုင်ဖို့ ခွင့်ပြုထားပြီဖြစ်တယ်လို့ ဦးလှတင့်ကပြောပါတယ်။

”ပွင့်ဖြူမှာဖြစ်တဲ့ဘောပင်ကိစ္စ အွန်လိုင်းမှာ ဝန်ကြီးချုပ်တောင်ရေးထားသေးတယ်၊ ပယ်မဲဖြစ်နေသလားပေါ့၊ ကော်မရှင်က ညွှန်ကြားချက်ထုတ်ပြီးပြီ တံဆိပ်တုံးနဲ့ထုထု ဘောပင်ပဲခြစ်ခြစ် ဆန္ဒပြုတာအတူတူပဲ၊ ပယ်မဲမဖြစ်သလို ခိုင်လုံမဲပါ”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်ကပြောပါတယ်။

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ နဂါးပွက်တောင်၊ ရာဇမုနိဓမ္မာရုံမှာ အသက်၆၀အထက်ကြိုတင်မဲပေးတဲ့နေရာကို ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်က လာရောက်ကြည့်ရှု့ချိန် သတင်းမီဒီယာတွေရဲ့မေးမြန်းမှုကို အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မကွေး

Related posts

Leave a Comment

VOM News

FREE
VIEW