လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့သမီးဖြစ်သူက မဲရုံထဲဝင်လာပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တေကို ကြိမ်းမောင်းပြောဆိုတဲ့အတွက် အမှုဖွင့်ထား

နိုဝင်ဘာ ၆-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာ စာသင်ကျောင်းထဲက ကြိုတင်မဲရုံထဲကို ခွင့်ပြုချက်မရှိဘဲ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့သမီးဖြစ်သူက NLDပါတီ အမှတ်အသားပါတဲ့အင်္ကျီကိုဝတ်ဆင်လာပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို မဲတွေမှန်မှန်ကန်ကန်လုပ်ဖို့ ပြောဆိုတာကြောင့် ရွေးကောင်ပွဲကော်မရှင်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့သမီး အပါအဝင် အမျိုးသမီး ၂ ယောက်ကို မနေ့ နိုဝင်ဘာ ၅ ရက် ညနေပိုင်းက ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။

” အဲ့ဒီအမှုကို ခင်ဦးမြို့မရဲစခန်း (ပ)၃၉၆/၂၀၂၀၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(ဈ)အရ တိုင်းဒေသကြီး(၂) မဲရုံကိုယ်စားလှယ် ဒေါ်နွယ်နီဦးက တရားလိုလုပ်ပြီး အမျိုးသမီး ၂ ယောက်ကို အမှုဖွင့်ထားတာဖြစ်တယ်”လို့ ခင်ဦးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ခွင့်ပြုချက်မရှိဘဲ ကြိုတင်မဲရုံထဲကို NLDပါတီ အမှတ်အသားပါတဲ့အင်္ကျီကို ဝတ်ဆင်လာတဲ့ ကိုယ်စားလှယ်လောင်းရဲ့သမီးဖြစ်သူက ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကို ” ခင်ဗျားတို့ မဲကို မှန်မှန်ကန်ကန်လုပ်၊ ကျွန်မက လွှတ်တော်ကိုယ်စားလှယ်လောင်း ရဲ့ သမီး “လို့ပြောရာကစပြီး တယောက်တခွန်း စကားများခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလိုစကားများနေတာကို မဲရုံကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက မဲရုံအတွင်းမှာ အခုလိုစကားတွေ မပြောရဘူးလို့ ဖျန်ဖြေပေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ သမီးနဲ့အတူ လိုက်ပါလာတဲ့ အမျိုးသမီးက ” ညည်းလို ကောင်မမျိုးနဲ့လည်း စကားမပြောဘူး ၊ ညည်းက ဘာကောင်မမို့လည်း ဘာအဆင့်ရှိလို့လည်း”လို့ ပြောဆိုခဲ့တဲ့အပြင် နိုဝင်ဘာ ၈ ရက်နေ့ကျရင် သိမယ်လို့ မဲရုံထဲမှာ ကြိမ်းဝါးပြောဆိုခဲ့တာကြောင့် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခင်ဦး #ကယိ

Related posts

Leave a Comment

VOM News

FREE
VIEW