မောင်တောမှာ ကထိန်ကပြန်လာတဲ့ ကားတစ်စီး မိုင်းထိလို့ လူ (၃) ဦးသေဆုံး

နိုဝင်ဘာ ၁၇-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းက နံသာတောင်ကထိန်ကိုသွားပြီး ပြန်လာတဲ့ကားတစ်စီး မိုင်းထိကာ ကားပေါ်ပါလာတဲ့ လူ ၃ ဦးသေဆုံးသွားတဲ့အပြင် ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကိုဆက်သွယ်ရာမှာတော့” မိုင်းထိတာတော့ ဟုတ်ပါတယ်။ အဲ့ဒီလိုကြားပါတယ်။ အထိအခိုက်က (၃) ယောက်သေတယ်။ ဒဏ်ရာရတာက (၆) ယောက်ပါ။ သူတို့က မောင်တောခရေမြိုင်က၊ သူတို့က နံသာတောင် သာယာကုန်းကထိန်ကိုသွားကြတာ။ အပြန်လမ်းမှာ မိုင်းပေါက်တာပေါ့” လို့ ပြောပါတယ်။

သေဆုံးသွားသူတွေဟာ မောင်တောမြို့နယ် ခရေမြိုင်ရွာက ဦးကျော်ရဲအောင် အသက် (၂၅) နှစ်၊ ဇနီးဖြစ်သူ ဒေါ် အေးဆန်းနု အသက် (၂၀) နှစ်နဲ့ သားဖြစ်သူ အသက် (၃) နှစ်အရွယ် မောင်ကျော်ကျော်ဆန်းတို့ဖြစ်ပြီး ကျန်တဲ့ ဒဏ်ရာရသူ (၆) ဦးကို တောင်ပြိုပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ခရေမြိုင်ကျေးရွာဟာ မောင်တောမြို့နဲ့ ဝေးကွာပြီး သူတို့သွားခဲ့တဲ့ နံ့သာတောင်ကထိန်က မောင်တောတောင်ပိုင်းမှာ ရှိတယ်လို့ သိရပါတယ်။

အခုလို မိုင်းပေါက်ကွဲမှုကို တပ်မတော်ကလည်း ဖြစ်စဉ်ကို ဟုတ်မှန်ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

Photo- တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့
#voiceofmyanmar #VOM #မောင်တော #မိုင်းပေါက်ကွဲ #လူ၃ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW