ထောက်ပံ့ကြေးကိစ္စ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြုတ်ချရေး ဆန္ဒထုတ်ဖော်ခဲ့

နိုဝင်ဘာ ၁၉-၂၀၂၀
သ်င်္ဂီထွန်း (VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ အစိုးရကထောက်ပံ့တဲ့ ငွေကျပ် ၂သောင်း နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာကြောင့် အမှတ်-၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပေးဖို့ ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ဦးတင်ထွန်းက “သူတို့တွေကထောက်ပံ့ငွေပေးချိန် ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ရော့ မင်းတို့ယူချင်ယူဆိုပြီး ကျန်တာကို ကျနော်တို့ကမေးပိုင်ခွင့်မရှိဘဲ သူတို့ပေးတာကိုယူရတယ်။ အုပ်ချုပ်ရေးမှူး ဖြုတ်ချရေးအဓိက ဆန္ဒပြတာပါ”လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ”အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြုတ်ချရေး —-ဒို့အရေး “ဆိုတဲ့ ဗီးနိုင်း ပိုစတာတွေ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်မှုနဲ့အညီ ဆန္ဒပြသူတစ်ဦးနဲ့တစ်ဦးကို ၆ ပေအကွာ နဲ့ မက်စ်တပ်ဆင်မှုတွေလည်း ပြုလုပ်ခဲတယ်လို့ ဦးတင်ထွန်းကပြောပါတယ်။

ဒေသခံပြည်သူတွေက ဖြုတ်ချဖို့တောင်းဆိုတဲ့ အမှတ်-၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကို ဆက်သွယ်ရာမှာတော့ “ကျနော်ကတော့အထွေအထူးမရှိပါဘူး။ နိုင်ငံတော်ကထောက်ပံံ့တဲ့ငွေကို ပြည်သူလူထုကို အကုန်လုံးချပြတယ်။ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၊ ရပ်မိရပ်ဖတွေနဲ့ အကုန်လုံးအစည်းအဝေးထိုင်ပြီး ကျေနပ်ပြီဆိုတော့မှ ရပ်ကွက်သူ၊ရပ်ကွက်သားကလည်း ကျေနပ်ပြီဆိုမှ အဲ့ဒီလိုလုပ်ပေးတာပါ။ အခုဆန္ဒပြနေတာကိုလည်း သိပါတယ်။မေတ္တာပဲထားပါတယ်။ ကျနော်ရပ်ကွက်မှာအုပ်ချုပ်တာ ၁၀ နှစ်ရှိပါပြီ။ တစ်ခါမှ ဖောင်းမရှိပါဘူး”လို့ ပြောပါတယ်။

အမှတ်-၄ ရပ်ကွက်မှာ အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ထောက်ပံ့ကြေးရရှိမှုက အိမ်ခြေ ၃၈၉ အိမ်အတွက်သာ ရှိကြောင်း၊ ထောက်ပံ့ကြေးရယူလိုတဲ့ ထပ်တိုးစာရင်းက ၁၃၆ အိမ်ရှိတဲ့အတွက် အိမ်ခြေ ၅၀၀ ကျော်သွားတယ်လို့လည်း သိရပါတယ်။

အိမ်ခြေအားလုံး ထောက်ပံ့ကြေးရရှိစေရေးအတွက် ပထမစာရင်းပေးထားတဲ့ အိမ်ခြေ ၃၀၀ ကျော်ကို တစ်ဦး ၁၆၅၀၀ ကျပ်ပေးခဲ့ပြီး ထပ်တိုး ၁၃၀ ကျော်ကို ထောက်ပံ့ကြေး ၁၀၀၀၀ ပေးအပ်ခဲ့တာဖြစ်တယ်လို့လည်း အမှတ်-၄ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြောပါတယ်။

#voiceofmyanmar #VOM #ဇီးကုန်း #ထောက်ပံ့ကြေး #ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြုတ်ချဖို့ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW