စားသောက်ဆိုင်တွေကို ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ ရန်ကုန်တိုင်းအစိုးရကိုတင်ပြထား

နိုဝင်ဘာ ၂၁-၂၀၂၀
သိင်္ဂီထွန်း(VOM)

ရန်ကုန်တိုင်းထဲက စားသောက်ဆိုင်တွေကို COVID-၁၉ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့ အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့အတွက် ရန်ကုန်တိုင်းအစိုးရကို အကြံပြုစာပေးပို့ထားတယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ Stay at Home အဖြစ် သတ်မှတ်ထားတာဟာ ကာလကြာမြင့်လာတာနဲ့အမျှ ပိတ်ထားရတဲ့လုပ်ငန်းတွေ ရပ်တည်နိုင်ဖို့ အခက်အခဲတွေရှိနေတာကြောင့် စားသောက်ဆိုင်လုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိဖို့ တင်ပြထားတာဖြစ်တယ်လို့ သိရပါတယ်။

“စားသောက်ဆိုင်လုပ်ငန်းရှင်တွေအနေနဲ့လည်း ဆိုင်တွေပြန်ဖွင့်ဖို့ လိုလားကြပါတယ်။ ဘာကြောင့်ဆို အိမ်လခတွေ၊ ဆိုင်လခတွေ၊ ဝန်ထမ်းလခတွေ ဒါတွေကို တော်တော်လေး ပေးနေရတော့ မခံနိုင်ကြတော့ဘူး။ နောက်ထပ် ၂ လလောက်သာ ဒီအတိုင်းပေးနေရမယ်ရင် နလန်မထူနိုင်တဲ့ဆိုင်တွေ အများကြီးဖြစ်သွားနိုင်တယ်”လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(MRA)ဥက္ကဋ္ဌ ဦးနေလင်းကပြောပါတယ်။

ဆိုင်တွေ ပြန်လည်ဖွင့်ခွင့်ရခဲ့မယ်ဆိုရင် စားသောက်ဆိုင်တွေအနေနဲ့လည်း ကိုဗစ်နဲ့အတူ ယှဉ်တွဲပြီး စည်းမျဉ်း၊စည်းကမ်းတွေအားလုံးကို လိုက်နာဖို့လိုအပ်တဲ့အတွက် စားသောက်ဆိုင်ပိုင်ရှင်တွေကလည်း ပြန်လည်ဖွင့်လှစ်ခွင့်ရချင်ကြောင်းနဲ့ ဖွင့်ခွင့်ရခဲ့ရင် သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာမှာဖြစ်တယ်လို့ သိရပါတယ်။

” အခုဆို ကိုဗစ်က ဖြစ်တာ အတော်ကြာပြီ။ အကိုတို့လည်း ဆိုင်တွေပိတ်ထားရတာ ကြာပြီဆိုတော့ အားလုံးခက်ခဲနေတယ်။ ဒီတော့ ဆိုင်တွေ ပြန်ဖွင့်ခွင့်ရချင်တယ်။ သူတို့သတ်မှတ်တဲ့အတိုင်းလိုက်နာပြီးရောင်းချပါမယ်။ လိုက်နာမှုမရှိတာရှိခဲ့ရင် အရေးယူပါလက်ခံကြမှာပါ”လို့ ကမာရွတ်မြို့နယ်ထဲက စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဒါကြောင့် တိုင်းဒေသကြီးအစိုးရအနေနဲ့ စားသောက်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးစေလိုကြောင်း၊ ဖွင့်ခွင့်ပေးတဲ့အခါ စည်းမျဉ်းစည်းကမ်းထုတ်ထားပြီး စည်းကမ်းချက်ကို စားသုံးသူနဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်တွေက မလိုက်နာပါက ဥပဒေအရထိရောက်စွာ အပြစ်ပေး အရေးယူတာမျိုး လုပ်ဆောင်သွားဖို့ကိုလည်း အကြံပြုတင်ပြထားတယ်လို့ သိရပါတယ်။

ပြိးခဲ့တဲ့ ရက်ပိုင်းက ကျန်းမာရေးညွှန်ကြားချက်အရ စားသောက်ဆိုင်တွေကို စစ်ဆေးပြီး A အဆင့်ရပါက ဖွင့်လှစ်နိုင်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အစိုးရရဲ့ ညွှန်ကြားချက်အရ တစ်ခုမှ မရရှိသေးကြောင်း၊ တကယ်လို့ စက်ရုံတွေလို A အဆင့်ရ ဖွင့်ခွင့် ပေးမယ်ဆိုပါက ရပ်ကွက်ကွက်အုပ်ချုပ်ရေးမှူးတွေကို အသိပေးအကြောင်းကြားပြီး လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ MRAဥက္ကဋ္ဌ ဦးနေလင်းကပြောဆိုထားပါတယ်။

ကိုဗစ်-၁၉ ဂယက်ကြောင့် စားသောက်ဆိုင်လုပ်ငန်းဝင်ငွေကဏ္ဍဟာ အခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ အစားအသောက်နဲ့အဖျော်ယမကာ ကဏ္ဍကနေ ဝင်ငွေရရှိမှု အမေရိကန်ဒေါ်လာ သန်း ၅၈.၅၄၅ သာရှိခဲ့ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေးသက်ရောက်မှုစစ်တမ်းက ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စားသောက်ဆိုင်တွေဟာ ပါဆယ်စနစ်နဲ့ဖွင့်လှစ်ရောင်းချနေတာရှိသလို ဆိုင်ကို လုံးဝပိတ်ထားတာမျိုးလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ခံရပြီးချိန်ကတည်းက တိုင်းနဲ့ပြည်နယ်အားလုံးက စားသောက်ဆိုင် ၊ ဘား(Bar)၊ KTV တွေကို ယာယီပိတ်စေခဲ့ပြီး လက်ဖက်ရည်ဆိုင်နဲ့ ထမင်းဆိုင် ၊ အဆာပြေစားစရာဆိုင်တွေကို ပါဆယ်စနစ်နဲ့သာ ရောင်းချစေခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ပထမလှိုင်းအပြီး ကိုဗစ်ဒုတိယလှိုင်းမစခင်ကြားထဲမှာတော့ စားသောက်ဆိုင်တချို့နဲ့ KTV ၊ bar ဆိုင်တချို့ ပြန်လည်ဖွင့်လှစ်မှုရှိခဲ့ပြီး လက်ရှိမှာတော့ ဆိုင်အားလုံးက ပိတ်ထားရဆဲ ဖြစ်ပါတယ်။

Photo – ကိုဗစ်မဖြစ်ခင် ရန်ကုန်မြို့က စားသောက်ဆိုင်တစ်ခုရဲ့မြင်ကွင်း
#voiceofmyanmar #VOM #ရန်ကုန် #စားသောက်ဆိုင်တွေ #ကိုဗစ်စည်းကမ်းနဲ့အညီပြန်ဖွင့်ဖို့ #တင်ပြထား

Related posts

Leave a Comment

VOM News

FREE
VIEW