မြစ်ကြီးနားက စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်ပြန်ရောင်းခွင့်ပြုမယ်

နိုဝင်ဘာ ၂၁-၂၀၂၀
ရန်အောင်ထွန်း(VOM)

မြစ်ကြီးနားမြို့အတွင်းက စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချရာကနေ ဆိုင်ထိုင်စားသုံးသူတွေကိုပါ ပြန်လည်ရောင်းချခွင့်ပြုတော့မယ်လို့ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်အေးအေးဆွေက ပြောပါတယ်။

” သတ်မှတ်ချက် စစ်ဆေးပြီးတဲ့အခါ အဆင့် (A) (B) (C) သတ်မှတ်ပြီး အဆင့် (A) ရတဲ့ ဆိုင်တွေကို ပြန်ဖွင့်ခွင့် ပေးသွားမှာဖြစ်တယ်”လို့ ဒေါ်အေးအေးဆွေကပြောပါတယ်။

စားသောက်ဆိုင်တွေ ပြန်ရောင်းဖို့ ကျန်မားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့အညီ ဆိုင်အဝင်ဝမှာ အပူချိန်တိုင်းတာ၊ လက်ဆေးရည်ထားပေးတာ၊ စားသုံးသူအတွက် နှာခေါင်းစည်း(Mask) စီစဉ်ပေးတာတွေ ပြည့်စုံရမှာ ဖြစ်ပါတယ်။

အဲ့ဒီအချက်တွေ ပြည့်စုံမှုရှိ၊မရှိ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်မှာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေက လူအဝင်အထွက်များတဲ့ အရက်ဘီယာဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်က စားသောက်ဆိုင်ပိုင်ရှင် ကိုဇေယျာထိုက်ကတော့ ” ကိုဗစ်ကာလအတွင်း ဆိုင်ပိတ်ထားရပြီး ပါဆယ်ပဲရောင်းနေရတာက အဆင်မပြေမှုမရှိတာကြောင့် ရေရှည်အတွက် အခက်အခဲဖြစ်နိုင်တဲ့အခြေအနေမှာ အခုလို ပြန်ဖွင့်ခွင့်ပြုဖို့ ဆောင်ရွက်ပေးတဲ့အပေါ် ဝမ်းသာမိတယ်၊ ကျန်းမာရေးနဲ့ပတ်သက်ပြီးလည်း စိုးရိမ်မှုရှိနေသေးတာဖြစ်လို့ လာရောက်စားသုံးသူတွေကို နားလည်အောင် ပြောပြသွားမှ အဆင်ပြေနိုင်မယ်”လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း အရက်သေစာ တရားဝင်လိုင်စင်ယူရောင်းချနေတဲ့ စားသောက်ဆိုင် ၃၃၀ ကျော်ရှိပြီး အဲ့ဒီဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုဖို့ အချက်အလက်တွေ ပြည့်စုံမှုရှိ၊မရှိ စစ်ဆေးဖို့အတွက် နိုင်ဝင်ဘာ ၂၀ ရက်နေ့က မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွန်ကြားခဲ့ကာ လာမယ့် ၂၂ ရက်နေ့မှာ စစ်ဆေးချက်တွေ တင်ပြသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား #စားသောက်ဆိုင်ပြန်ဖွင့်ခွင့်ပြုမယ်

Related posts

Leave a Comment

VOM News

FREE
VIEW