လူစုလူဝေးဖြစ်ခဲ့တဲ့ ဒဂုံဆိပ်ကမ်းရှိ မုန့်လုပ်ငန်းက ကလေးလုပ်သား ၁၀ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ

နိုဝင်ဘာ ၂၁-၂၀၂၀
သူရိန် ၊ သိင်္ဂီထွန်း (VOM )

ကလေးတွေကို ညှင်းပန်းနှိပ်စက်တယ်ဟုဆိုကာ လူစုလူဝေးဖြစ်ပြီးပဋိပက္ခဖြစ်ခဲ့တဲ့
ရန်ကုန်တိုင်း ၊ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇)ရပ်ကွက်က လိုတရရွှေစံလှ ပေါက်စီ နဲ့ မုန့်လုပ်ငန်းရှိ ကလေးလုပ်သား ၁၀ ဦးမှာ ကိုဗစ်ပိုး ကူးစက်ခံထားရတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက အတည်ပြုပြောပါတယ်။

“ဟုတ်ပါတယ် ၊ အလုပ်သမား ၂၂ ယောက်မှာ စစ်ဆေးတော့ ၁၀ ယောက်မှာ ပိုးတွေ့တာဖြစ်ပါတယ်။ ပိုးတွေ့တဲ့ ၁၀ ယောက်ကို ရိုးမ ကိုဗစ်စင်တာမှာ ပို့ဆောင်ပြီးကုသမှုခံယူစေပါတယ်။နောက် သူတိုရဲ့ ကွန်တက်ပေါ့ ၂၂ ယောက်ဆိုတော့ ၁၂ ယောက်က primary ကွန်တက်ဖြစ်သွားတယ်။ ကွန်တက်ကို မြို့နယ် CBFQ မှာ ကွာရန်တင်းထားရှိထားပါတယ်။ သူတို့ကို အနီးကပ်စောင့်ရှောက်ပေးနေတဲ့ လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်း ၃ ဦးလည်း အတူတူ ကွာရန်တင်းဝင်နေကြပါတယ်”လို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးမူယာကျော်ကပြောပါတယ်။

ဒါ့အပြင် ကလေးတွေကို ထိန်းသိမ်းထားပေးတဲ့ ၊မြို့နယ်ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက်စစ်ဆေးခြင်းနဲ့ကွာရန်တင်းထားရှိတာတွေ ဆက်လက်ဆောင်ရွက်နေပြီး ထိတွေ့သူတွေကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

မုန့်လုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ လုပ်သား ၂၂ ဦးနဲ့ သူတို့ကို အနီးကပ်စောင့်ရှောက်ပေးနေသူ ၃ ဦးကို ကိုဗစ်ပိုး စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၇ )ရပ်ကွက်၊ မဂ္ဂင်လမ်းပေါ်က တရုတ်နိုင်ငံသားပိုင်နေအိမ်မှာ ကလေးလုပ်သားတွေကို ညှင်းပန်းနှိပ်စက်ပြီး ပိတ်လှောင်ထားတယ်ဆိုတဲ့သတင်းကြောင့် လူပေါင်း ရာဂဏန်းလောက် စုဝေးမှုဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အလုပ်သမား ၂၀ ကျော်ကို ခေါ်ထုတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာလည်း နေအိမ်အတွင်း မြေအောက်ခန်းထဲမှာ ကလေးတွေပိတ်လှောင်ခံထားရသေးတယ်ဆိုပြီး လူစုလူဝေးထပ်မံဖြစ်ပေါ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ရဲအင်အားအလုံးအရင်းနဲ့ သွားရောက်တားဆီးခဲ့ရပါတယ်။

ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်အကြားပြေလည်မှုမရရှိခဲ့ဘဲ ပဋိပက္ခအသွင်ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ရာဘာကျည်သုံးကာ တားဆီးခြင်းကိုလုပ်ဆောင်ခဲ့သလို ပြည်သူတွေဘက်ကလည်း ခဲတွေထုနှက်တာတွေရှိခဲ့တာကြောင့် နှစ်ဖက်စလုံးမှာ ဒဏ်ရာရရှိသူတွေရှိခဲ့ကြပါတယ်။

အဲ့ဒီရုန်းရင်းဆန်ခတ်ဖြစ်စဉ်ကြောင့် ကားတွေဖျက်စီးခံခဲ့ရသလို နေအိမ်ကိုလည်း ဖျက်စီးခံခဲ့ရတာတွေရှိခဲ့ပါတယ်။

Photo – ကိုသူရိန်
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW