NLD အမတ် ၃ ဦး ပြန်လွှတ်ပေးသွားမယ်လို့ အေအေအဖွဲ့ကြေညာ

နိုဝင်ဘာ ၂၁-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရွေးကောက်ပွဲမတိုင်မီ အေအေကနေ ဖမ်းဆီးသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် ကိုယ်စားလှယ်လောင်း(၃)ဦးကို အမြန်ဆုံးပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း အေအေဖက်က ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

အေအေဖက်က ထုတ်ပြန်ထားချက်မှာ NLD ပါတီဝင် သုံးဦးကို အေအေ အနေနဲ့ နှိပ်စက်တာမျိုးမရှိပဲ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းနဲ့ နှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး နားလည်မှု ရရှိတဲ့အခါ သူတို့ (၃) ဦးကို အမြန်ဆုံးပြန်လွှတ်ပေးသွားမှာ ဖြစ်ကြောင်း အေအေ အနေနဲ့ ရှင်းလင်းစွာ အသိပေးပါတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

NLD အနေနဲ့ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံအားပေးမှုဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ NLDပါတီက အပြတ်အသတ်အနိုင်ရရှိတဲ့အပေါ် ချီးကျူးဂုဏ်ပြုကြောင်း၊ တိုင်းရင်းသားပြည်သူတွေရဲ့ လိုလားတောင့်တနေတဲ့ တရားမျှတပြီး စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီပြည်ထောင်စုကို ပုံဖော်ထုဆစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ မကုန်မီ ဒေသအစိတ်အပိုင်းကြီးတစ်ခုလုံးကို ချန်လှပ်ထားတာမျိုးမဟုတ်ဘဲ ဒေသတစ်ခုလုံးခြုံငုံတဲ့ ဆက်စပ်ရွေးကောက်ပွဲတွေ အချိန်မီပြုလုပ်ကျင်းပဖို့ တိုက်တွန်းတောင်းဆိုမှုမှာလည်း ယခင်ထုတ်ပြန်ထားတဲ့အတိုင်းဖြစ်တယ်လို့ အေအေဖက်က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်အတွင်း ဖောင်းခါးကျွန်းပေါ်မှာ အေအေတပ်ဖွဲ့ဝင် ၄ ဦးလောက်က NLDပါတီဝင် ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီသွားတာဖြစ်ပါတယ်။

Photo – AA
#voiceofmyanmar #VOM #အေအေ #ဖမ်းဆီးခံNLDပါတီဝင်

 

Related posts

Leave a Comment

VOM News

FREE
VIEW