မဲလက်မှတ်တွေ ပိုထည့်ထားခဲ့တယ်ဆိုပြီး မဲရုံမှူးနဲ့အဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်

နိုဝင်ဘာ ၂၂-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၊ ဟိန်ကွက်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာက မဲရုံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးတဲ့သူ အရေအတွက်ထက်ကျော်လွန်ပြီး ပိုလျှံ မဲလက်မှတ်တွေ ပါဝင်နေတာကို ပြည်ခိုင်ဖြိုးပါတီက စီစစ်တွေ့ရှိရလို့ မဲရုံမှူးနဲ့အဖွဲ့ကို စုံစမ်းစစ်ဆေးပေးဖို့အတွက် မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီကနေ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

” နိုဝင်ဘာ ၈ ရက်နေ့က အဲ့ဒီမဲရုံမှာ ကြိုတင်မဲအပါအဝင် ဆန္ဒမဲပေးခဲ့သူက ၃၃ ယောက်ပဲရှိတယ်။ လေရှီးမြို့နယ်ကော်မရှင်ရုံးမှာ အဲ့ဒီမဲစာရင်းက ၃၉ မဲဖြစ်နေတယ်၊ ၆ မဲက ပိုလျှံမဲဖြစ်နေတာကို စီစစ်တွေ့ရှိရတယ်၊ ဒါဟာ မသမာတဲ့နည်းလမ်းနဲ့ ကိုယ်စားပြုထည့်ထားတဲ့ မဲဆိုတာ ထင်ရှာနေတာမို့ အမှုဖွင့်ခဲ့တာဖြစ်တယ်”လို့ လေရှီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ယာက်က ပြောပါတယ်။

အဲ့ဒါကြောင့် ရေကျော်ကျေးရွာက မဲရုံမှုး ဒေါ်ဟောလိနဲ့ အဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးပေးဖို့ လေရှီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးထွန်းထွန်းဝင်းက တရားလိုပြုလုပ်ပြီး ရဲစခန်းကို တိုင်တန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး လေရှီးမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်ကို VOMက ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အဲ့ဒီ တိုင်တန်းချက်ကို ဆွမ္မရာနယ်မြေရဲစခန်းက (ပ) ၃/၂၀၂၀၊ တိုင်းဒေသကြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၅၉(စ)အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လေရှီး

Related posts

Leave a Comment

VOM News

FREE
VIEW