ပလက်ဝမြို့က (၄)လသားအရွယ် စစ်ရှောင်ကလေးတစ်ဦး စစ်တွေမြို့မှာ သေဆုံးမှုဖြစ်ပွား

နိုဝင်ဘာ ၂၄-၂၀၂၀
ထက်အောင်စိုင်း (VOM)

စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာက စစ်ဘေးရှောင်စခန်းတစ်ခုမှာ ပလက်ဝမြို့နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ လသားအရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး မနေ့နိုဝင်ဘာ ၂၃ရက် ညနေပိုင်းက သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ကလေးဟာ (၄)လသားအရွယ်သာရှိသေးပြီး ပလက်ဝမြို့နယ်၊ ရုပ်ဝကျေးရွာကနေ စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်နေရင်း ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေချိန် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ဘေးရှောင်ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ဦးဦးသာထွန်းက” ဦးလေးမှာ သားလေးဆုံးသွားတာ ဟုတ်ပါတယ်။ ဆေးရုံတင်တယ် ပြီးတော့ မနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဆုံးသွားပါတယ်။ ကလေးကို ဆေးရုံပို့တဲ့အခါမှာတော့ မွေးရာပါ ဒေါင်းရောဂါကြောင့် သေဆုံးသွားတာလို့ ဆရာဝန်ကပြောပါတယ်၊ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရချိန် ကလေးကို ဆေးရုံတင်ရပြီး သေဆုံသွားတာဆိုတော့ စိတ်မကောင်းပါဘူး။ ရင်ထဲမှာလည်း ဒုက္ခဆင်းရဲပြီးမှ ဝမ်းနည်း ကြေကွဲရတာပေါ့။ ကလေးကို ဆေးရုံတင်တဲ့အခါမှာလည်း သွားရလာရတဲ့အခါ ငွေရေးကြေးရေးအခက်အခဲတွေ ရှိတာပေါ့”လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ (၁) သောင်းကျော် ရှိပြီး အဲ့ဒီအထဲမှာ ပလက်ဝမြို့ပေါ်အပါအဝင် ရခိုင်ပြည်နယ်အတွင်း ကျောက်တော်နဲ့ စစ်တွေမြို့ပေါ်တွေမှာလည်း စားဝတ်နေရေးအခက်အခဲတွေကြောင့် လာရောက်ခိုလှုံနေရသူတွေရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #စစ်ရှောင်ကလေး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW