မုံရွာမြို့မှာ ကိုဗစ်ဓာတ်ခွဲခန်းတည်ဆောက်ဖို့ ဝမ်ပေါင်ကုမ္ပဏီက အမေရိကန်ဒေါ်လာ (၁ ဒဿမ ၀၇၅)သန်း လှူဒါန်းမယ်

နိုဝင်ဘာ ၂၄-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးခန်း တည်ဆောက်ဖို့ မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးကုမ္ပဏီလီမိတက်ကနေ အမေရိကန်ဒေါ်လာ (၁ ဒဿမ ၀၇၅)သန်း လှူဒါန်းမယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။

ကိုဗစ်ဓာတ်ခွဲခန်းတည်ဆောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး မနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေ၊ မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးကုမ္ပဏီလီမိတက်က တာဝန်ရှိသူတွေ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

”ဝမ်ပေါင်က အမေရိကန်ဒေါ်လာ (၁ ဒဿမ ၀၇၅)သန်း ငွေသားကြီးပဲကို လှူရမယ်ဆိုရင်လည်း လှူမှာပေါ့လေ။ သူတို့ကုမ္ပဏီက ဓါတ်ခွဲကိရိယာပစ္စည်းတွေဆိုလည်း ပစ္စည်းလှူပါမယ်ပေါ့။ သူတို့တင်သွင်းထားတဲ့ဟာတွေကို ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြပြီးတော့ ဒါတွေက လက်ခံသလား၊ လက်မခံဘူးလားဆိုပြီး လက်ခံတယ်ဆို ကျွန်တော်တို့က ပစ္စည်းတွေကို အလှူခံလိုက်မယ်။ အဲ့ဒါတွေက WHOက သတ်မှတ်ထားတာနဲ့ မကိုက်ညီသေးဘူး ဒါတွေသုံးမရသေးဘူးဆိုရင် ငွေလှူမှာပေါ့၊ အမေရိကန် ဒေါ်လာ (၁ ဒဿမ ၀၇၅)သန်းကို လှူမှာပေါ့”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနကတာဝန်ရှိသူတွေ၊ မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးကုမ္ပဏီလီမိတက်က တာဝန်ရှိသူတွေ ၊မြို့မိမြို့ဖအဖွဲ့တွေ စတဲ့တာဝန်ရှိသူတွေပါဝင်တဲ့ ကော်မတီအသီးသီးကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အမြန်ဆုံးတည်ဆောက်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကပြောပါတယ်။

”တိုင်းအစိုးရကရော မြို့မိမြို့ဖကရော သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေရော ပူးပေါင်းပြီး ဓါတ်ခွဲခန်းတခု အမြန်ဆုံးတည်ဆောက်နိုင်အောင် ကော်မတီတွေ စဖွဲ့ပြီး အစည်းအဝေးထိုင်နေပါပြီ။ ပြီးတော့ ဓါတ်ခွဲခန်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနကို ဘယ်လိုပုံစံဆောက်ရမှာလည်း နောက်ဆုံး မန္တလေးမှာလည်း အသစ်တည်ဆောက်ထားတာရှိတယ်။ အဲ့ဒီက အတွေ့အကြုံမေးပြီး သူတို့ဆီက အကြံကောင်း၊ဉာဏ်ကောင်းတွေယူပြီး ကျွန်တော်တို့ အမြန်ဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ။မြေနေရာက မုံရွာပြည်သူ့ဆေးရုံထဲ ရ၊မရ မရဘူးဆိုရင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖန်းတီးပေးရမယ်။ အမြန်ဆုံး လုပ်မှာပါ။ ဒီနေ့မှ propose တင်တာဆိုတော့ ဒီနေ့ကို အားချင်းလုပ်နေပါပြီ”လို့ လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းက ပြောပါတယ်။

အခုလက်ရှိ စစ်ကိုင်းတိုင်းအတွင်းမှာ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးခန်းမရှိတဲ့အတွက်မန္တလေးနဲ့ ရန်ကုန်ဓါတ်ခွဲဌာနတွေဆီကို ပေးပို့စစ်ဆေးနေရပြီး မုံရွာမြို့မှာ ကိုဗစ် ဓာတ်ခွဲစစ်ဆေးခန်းတစ်ခု တည်ဆောက်ပြီးစီးပါက အချိန်တိုအတွင်း စစ်ဆေးနိုင်တဲ့အပြင် ကိုဗစ်ရောဂါပိုးကို ထိန်းချုပ်နိုင်ကာ အဆင်ပြေမယ်လို့ ယုံကြည်တယ်လို့ ဒေါက်တာဇော်ဝင်းကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ဆေးရုံ ၂၈ ခုမှာ ကိုဗစ်ပိုးတွေ့လူနာ ၆၄၉ ဦး ဆေးကုသမှုခံယူခဲ့ပြီး ပိုးတွေ့လူနာတွေအနက် ၅၂၁ ဦးမှာ ဆေးရုံကနေဆင်းခွင့်ရခဲ့ပြီး ကျန်တဲ့ လူနာ ၁၂၈ ဦးကတော့ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကိုဗစ်ဓာတ်ခွဲခန်း #ဝမ်ပေါင်ကုမ္ပဏီ

Related posts

Leave a Comment

VOM News

FREE
VIEW