ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အရက်ဆီတင်လာတဲ့ ၂၂ ဘီးယာဉ် တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွား၊ ယာဉ်မောင်းထွက်ပြေး

နိုဝင်ဘာ၂၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ရန်ကုန်-မန္တလေးအမြန်လမ်း(မန္တလေး – နေပြည်တော်)မိုင်တိုင်အမှတ် ၃၅၇/၄ ဖာလုံအနီးမှာ ဒီကနေ့မနက် ၁ နာရီခန့်က အရက်ဆီတင်ဘာတဲ့ ၂၂ဘီးတွဲကားတိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်သွားတယ်လို့ အမြန်လမ်းမီးသတ် တပ်ဖွဲ့စခန်း ကွပ်ကဲမှုရုံးကနေ သိရပါတယ်။

” အခင်းဖြစ်ရာနေရာကို မန္တလေးတိုင်းအတွင်းက မီးသတ်တွေနဲ့ အမြန်လမ်း မီးသတ်အဖွဲ့တွေ ဝိုင်းငြိမ်းသတ်နိုင်လို့ အခင်းဖြစ်ပြီး တစ်နာရီကျော်မှာ မီးငြိမ်းသွားတယ်။ လူထိခိုက်ဒဏ်ရာ မရပေမယ့် ဒရိုင်ဘာ ထွက်ပြေးတိမ်းရှောင်နေဆဲပါ”လို့ စကားအင်း အမြန်လမ်းမီးသတ်စခန်း တာဝန်ရှိသူက ပြောပါတယ်။

အမျိုးသားတစ်ဦး(အမည်/အသက်/နေရပ်စုံစမ်းဆဲ) မောင်းလာတဲ့ အရက်ဆီတွေတင်တာတဲ့ ၂၂ ဘီးတွဲယာဉ်ဟာ မိုင်တိုင် ၃၅၇ နား အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာထားတဲ့ သံဖရိန်ကိုဝင်တိုက်ရာကနေ တိမ်းမှောက်မှုဖြစ်ပွားပြီး အရက်ဆီပေပါနဲ့ ကားခေါင်းခန်းပိုင်းတို့ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်တဲ့နေရာကို မန္တလေးတိုင်း‌ ဒု-တိုင်း မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ အမရပူရမြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်ကြီးတံခွန်မီးသတ်တပ်ဖွဲ့၊ စဉ့်ကိုင်ခရိုင်မီးသတ်တပ်ဖွဲ့၊ စကားအင်းအမြန်လမ်းနယ်မြေမီးသတ်တပ်ဖွဲ့နဲ့ ပုလိပ်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုကြောင့် ၂၂ဘီးတွဲကားခေါင်းခန်း၊ အရက်ဆီပေပါ ၆၀လုံးခန့် စုစုပေါင်း မီးသတ်တွက်ချက်တန်ဖိုး ၂၈သိန်းခန့်မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် တံတားဦးမြို့မရဲစခန်းမှ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းဖြစ်သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၂၈၅အရ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်း #အရက်ဆီပေပါတွဲကား #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW