NLD လွှတ်တော်ကိုယ်စားလှယ်လောင်း အပါအဝင် လူ ၃ ဦးကို ငွေကြေးမက်လုံးပေး မဲဆွယ်တယ်လို့စွပ်စွဲပြီး ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်

နိုဝင်ဘာ ၂၄-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သင်တောကျေးရွာမှာ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲရုံကိုယ်စားလှယ်တို့က ပါတီအောင်နိုင်ရေးအတွက် ငွေကြေးမက်လုံးပေးကာ မဲဆွယ်စည်းရုံးခဲ့တယ်လို့ စွပ်စွဲပြီး ပြည်ခိုဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက မနေ့ နိုဝင်ဘာ ၂၃ ရက်ညပိုင်း ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

” NLD ပါတီကို မဲပေးမယ်ဆိုရင် စာသင်ကျောင်းဆောင် ဆောက်လုပ်ဖို့ ခွဲတမ်းကြေး ၅ သောင်းကျပ် ပေးဆောင်ဖို့မလိုဘဲ သူတို့ကပေးမယ်လို့ ပြောဆိုပြီး မဲဆွယ်စည်းရုံခဲ့တာကြောင့် မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်မိုးလွင်က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာဖြစ်တယ်”လို့ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ ” ကျွန်တော်တို့ပါတီက ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်မှုတွေနဲ့အညီ ပြဌာန်းချက်အတိုင်း ဘောင်အတွင်းထဲကလုပ်ကိုင်တယ်၊ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးမှုတွေနဲ့ မကိုက်ညီဘူးလို့ ယှဉ်ပြိုင်ဘက်တွေက ပြောတာဟာ စွပ်စွဲချက်ပဲဖြစ်တယ်”လို့ ပြောပါတယ်။

မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင် ဦးဇော်မိုးလွင်ရဲ့ အမှုဖွင့်တိုင်တန်းချက်ကို မင်းကင်းမြို့မရဲစခန်းက (ပ) ၁၀၆/၂၀၂၀၊ တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၅၈(က)အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၀ ရက် ညပိုင်းကလည်း မင်းကင်းမြို့နယ် NLDပါတီ ဥပဒေအထောက်ကူပြုကော်မတီအဖွဲ့ဝင်တစ်ဦးက မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို မဲဆွယ်စည်းရုံးတဲ့အခါ လူမျိုးရေးကိစ္စရပ်တွေ ဟောပြောခဲ့တယ်လို့ စွပ်စွဲပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တဲ့ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်းကင်း

Related posts

Leave a Comment

VOM News

FREE
VIEW