မှုခင်းရှုထောင့် သတင်းထောက်ကဒ်ကိုင်ဆောင်တဲ့ အမျိုးသမီးတစ်ဦးဆီကနေ မူးယစ်ဆေးဝါးတွေဖမ်းဆီရမိ

နိုဝင်ဘာ ၂၅-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်မှာ မနေ့ အောက်တိုဘာ ၂၄ ရက်နေ့က မှုခင်းရှုထောင့်သတင်းဌာန တာဝန်ခံကဒ်ပြားကိုင်ဆောင်ထားသူ အသက် ၄၁ အရွယ် အမျိုးသမီး တစ်ဦးဆီကနေ မူးယစ်ဆေးဝါးတွေဖမ်းဆီးရရှိခဲ့တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးဉာဏ်မြင့်ကျော်က VOMကို ပြောပါတယ်။

အဲ့ဒီအမျိုးသမီးဆီကနေ စိတ်ကြွဆေးပြား ၁၄၀ ပြား ၊ ဘိန်းဖြူ ၄၄၅ ဂရမ် စုစုပေါင်း ကာလတန်ဖိုး ၃၁၁ သိန်းကျော်ကို သူ့ရဲ့ နေအိမ်ကနေ ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သတင်းထောက်ကဒ်ကိုင်ဆောင်ထားတာဖြစ်လို့ ရန်ကုန်ရှုထောင့် သတင်းရုံးချုပ်ကို ပြည်နယ်ရဲတပ်ဖွဲ့က ဆက်သွယ်မေးကြည့်ထားတယ်လို့ ပြောပါတယ်။

“ အဲ့ဒီ ရှုထောင့်သတင်းဌာန ဆိုတာကို ဆက်သွယ်ခဲ့တယ်၊ သူတို့ကတော့ သတင်းထောက်အဖြစ်က ထုတ်ထားပြီးပြီလို့ ပြောတယ်“လို့ ရဲမှူးကြီးဉာဏ်မြင့်ကျော်က ပြောပါတယ်။

မှုခင်းရှုထောင့်သတင်းထောက်တွေကို တရားဝင်သတင်းသမားအဖွဲ့အစည်း မဟုတ်ကြောင်း ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားပေမယ့် အခု မှုးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးဆီက သိမ်းဆည်းထားတဲ့ သတင်းထောက်ကဒ်မှာ ၂၀၂၁ခုနှစ် မတ်လ ၁ ရက်နေ့ သက်တမ်းကျန်နေတဲ့ ကဒ်ပြား ဖြစ်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံ သတင်မီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်ကို ဖျက်သိမ်းကြောင်း ကြေငြာထားတဲ့ကြားက အခုလိုတွေ့ရှိရတဲ့အပေါ် မြေပြင်ကသတင်းမီဒီယာတွေအပေါ် အကျိုးသက်ရောက်လာနိုင်တဲ့အတွက် ဘယ်လိုဆောင်ရွက်မလဲလို့ မေးကြည့်တော့ “ သူတို့က တခြားသော ပရဟိတပုံစံမျိုးလုပ်ပြီးတော့ လှုပ်ရှားနေတာမျိုး တွေ့ရတယ်၊ ဒီဟာတွေကို အောက်ခြေမှာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေကနေ ဆောင်ရွက်နိုင်မှာပဲဖြစ်တယ်၊ ကောင်စီကတော့ အရေးယူနိုင်တဲ့ အနေအထားမရှိဘူး၊ တရားဝင်မဟုတ်ကြောင်း အများသိအောင်ထုတ်ပြန်ပေးတာမျိုး လုပ်ပေးနိုင်တယ်၊ ၂၀၂၀ ထဲမှာပဲ သူတို့အဖွဲ့အစည်းက ဦးသက်နိုင်ဦး ကောင်စီကိုလာပြီး ကောင်စီကကြေငြာပြီးကတည်းက သတင်းလုပ်ငန်းအဖွဲ့အစည်းအဖြစ်က ဖျက်သိမ်းပါပြီလို့တော့ပြောတယ်၊ သတင်းလုပ်ငန်းမဟုတ်ဘဲ ပရဟိတသဘောပဲ လုပ်နေပါတယ်လို့ ပြောသွားခဲ့တယ်၊ တကယ့်မြေပြင်မှာတော့ အဲ့ဒီလိုမဟုတ်ဘူး၊ မီဒီယာအမည်ခံပြီး လုပ်စားနေတာပေါ့။ အမျိုးမျိုးငွေညှစ်တာရော ၊ မူးယစ်ဆေးဝါးရော၊ တစ်ခါတစ်လေ သစ်မှောင်ခိုတို့ ၊ ကျွဲ၊ နွား မှောင်ခိုတို့မှာ ငွေတောင်းနေတာတို့ တကယ်တော့ ဒီဟာက မီဒီယာလောကကို ရုပ်ဆိုးစေတာပေါ့“လို့ ပြောပါတယ်။

မြစ်ကြီးနား ရှုထောင့်သတင်းဌာနချုပ်ဆိုပြီး ဖုန်းနံပါတ်ပါလို့ ဆက်သွယ်မေးမြန်းတဲ့အခါ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့က လက်ရှိစစ်ဆေးချက်တွေအရ အဲ့ဒီအမျိုးသမီဟာ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်က အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးဆီကနေ နှစ်သိန်းတန်ဖိုးရှိ ဆေးပြာတွေနဲ့ ၆၆သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ ဆပ်ပြာခွက် ၄၄ ခွက် ချိတ်ဆက် ဝယ်ယူ/ ရောင်းချခဲ့တာဖြစ်တဲ့အတွက် အဲ့ဒီအမျိုးသားကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

မှုခင်းရှုထောင့် သတင်းထောက်ကဒ်ကိုင်ဆောင်ထားပြီး မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတဲ့ အမျိုးသမီးကို မူး/စိတ် ပုဒ်မ-၁၉(က)/၂၁ နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

Photo – ကချင်ပြည်နယ်ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #မြစ်ကြီးနား #မှုခင်းရှုထောင့် #အမျိုးသမီး #မူးယစ်ဆေးတွေမိ

Related posts

Leave a Comment

VOM News

FREE
VIEW