စစ်ကိုင်းတိုင်းမှာ ၁၅ ရက်အတွင်း သားဖြစ်သူကနေ ဖခင်ဖြစ်သူကို ပြန်သတ်တဲ့ လူသတ်မှု ၃ မှုဖြစ်ပွား

နိုဝင်ဘာ ၂၅-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်းထဲမှာ နိုဝင်ဘာ ၁၁ ရက်ကနေ ၂၅ ရက်နေ့အထိ ၁၅ ရက်တာ ကာလအတွင်း သားဖြစ်သူကနေ ဖခင်ဖြစ်သူကို ပြန်သတ်တဲ့ လူသတ်မှုဖြစ်စဉ် ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မနက်က ကနီမြို့နယ်၊ ကနဲကျေးရွာအုပ်စု၊ ကျွန်းဖျားကျေးရွာမှာ မူးယစ်သောက်စားထားတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ယောက်က အသက် ၆၅ နှစ်အရွယ် ဖခင်ဖြစ်သူရဲ့ ဦးခေါင်းနောက်စေ့ နေရာနဲ့ မျက်နှာရှေ့ နဖူးနေရာကို ကွန်ကရစ် ဘိလပ်အုတ်ခဲနဲ့ ထုသတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ကနီမြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က “ကျေး ရွာခွဲ တာဝန်ခံ ဦးဌေးအောင်က တရားလိုလုပ်ပြီး တိုင်တယ်၊ သားကနေ အဖေကိုပြန်သတ်တဲ့အမှုဖြစ်တယ်၊ (ပ)၂၄၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ အရ.အရေးယူထားတယ်”လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကနားကျေးရွာအုပ်စု၊ လျှော်ဖြူကုန်းကျေးရွာရဲ့အနောက်ဘက် ၂ ဖာလုံခန့်အကွာ ပန်းပုလဲကွင်းထဲမှာ အသက် ၆၀ အရွယ်ဖခင်ဖြစ်သူကို သားဖြစ်သူက စိတ်ဖောက်ပြန်ပြီး အရိုးအသွား ၂ ပေ ၂ လက်မရှိတဲ့ ကိုင်းခုတ်ဓားနဲ့ ကိုယ်ခန္ဓာနေရာအနှံ့ ဓားဒဏ်ရာ ၂၃ ချက်အထိ ခုတ်သတ်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၁ရက် ညနေပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ ဆားတွင်းကြီး သစ်တောကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော၊ အင်းမအုပ်စု၊ ပင်းတဲကျေးရွာ၊ ပဲစင်အိုင်တောတိုက်မှာ မြက်ပေါက်နေတဲ့ ဖခင်ဖြစ်သူကို တောတဲပေါ်မှာထိုင်နေတဲ့ သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်ခဲ့ပေမယ့် သေနတ်ကျည်ဆံ လွဲချော်သွားပြီး သေနတ်နဲ့ပစ်ခဲ့တဲ့ အကိုဖြစ်သူကို ညီဖြစ်သူက ရိုက်နှက်သတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW