ညောင်ဦးဧရာဝတီမြစ်ထဲမှာ လင်းပိုင်တစ်ကောင်တွေ့ရပြီး ရှော့တိုက်ငါးဖမ်းသူတွေနဲ့ ထိတွေ့မှာ ဒေသခံတွေစိုးရိမ်

နိုဝင်ဘာ ၂၅-၂၀၂၀
ရန်အောင်ထွန်း(VOM)

မန္တလေးတိုင်း ၊ ညောင်းဦးခရိုင် ၊ တောင်ဘီအရှေ့ရွာဆိပ်ကမ်းမှာ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ဧရာဝတီလင်းပိုင်တစ်ကောင်တွေ့ရှိခဲ့ရတဲ့အတွက် ရှော့တိုက်ငါးဖမ်းသူတွေနဲ့ တွေ့မှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်တွေ့လိုက်တဲ့ တောင်ဘီအရှေ့ရွာဒေသခံ ကိုမော်ကြီးကတော့ “ ဒီမှာက ရှော့တိုက်ငါးဖမ်းတာတွေရှိတယ်၊ တချို့က ရှော့ပါမှ ငါးရမယ့်ထင်နေကြတာတွေရှိတယ် ၊ ဘတ်ထရီတွေဘာတွေက ပိုက်အောက်မှာထားကြတာ၊ နေ့မှာမလုပ်ဘူး ညဘက်တွေလုပ်ကြတာ၊ စက်လှေ ၅ စီးလောက်မှာ ၃ စီးလောက်က ရှော့တွေပါနေတာ၊ ဒီရှော့တွေက ငါးကြီးလေ ပိုထိလေပဲလေ၊ တွေ့တဲ့နေ့က မြင်လိုက်တဲ့ ငါးဖမ်းသမားတွေကတော့ အခုအကောင်ကြီးလို့ ကြောက်ကြတယ်၊ ကျနော်ရသလောက်တော့ ပြောတယ် ဒီအကောင်တွေက ရှော့တိုက်ရင်သေတယ်နော် မရဘူးလို့ ပြောတာတော့လုပ်တယ်“လို့ ပြောပါတယ်။

သူတို့တွေ့ရတဲ့ ဧရာဝတီလင်းပိုင်ဟာ ပိဿာအချိန် ၃၀ ဝန်းကျင်ရှိပြီး နိုဝင်ဘာလ ၂၄ ရက်နေ့က သူတို့ စတွေ့ခဲ့တဲ့ ဆိပ်ကမ်းရဲ့ အောက်ဘက် ၇ မိုင်အကွာ ဆိပ်ခွဆိပ်ကမ်းမှာ ရောက်နေတယ်လို့ သိရပါတယ်။

ဒေသခံတွေ သုံးသပ်နေတာကတော့ အရင်က ဗူးဘုရားဆိပ်ကမ်းကနေ ဘုရားဖူးဧည့်သည်တွေကို တင်ပို့နေကြတဲ့ စက်လှေသံတွေကြောင့် မပေါ်လာပေမယ့် အခု ကိုဗစ်ကာလ ဘုရားဖူးတွေ မလာလို့ စက်လှေပြေးဆွဲမှုတွေ မရှိတဲ့အခါ စက်သံအနှောက်အယှက်မရှိလို့ ထွက်လာတာဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။

မန္တလေးတိုင်း၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ ရေကြောင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ “ သူတို့ကို မနေ့က မေးကြည့်တာတော့ အဖွဲ့နဲ့ လှည့်ကြည့်တာ မရှိဘူးတဲ့၊ ၈ ရွာလောက်က ရပ်ရွာလူကြီးတွေပေါင်းပြီး အစီအစဉ်ဆွဲနေတယ်လို့တော့ သိရတယ်၊ ကျနော်တို့ အခုတာဝန်ယူရတဲ့အပိုင်းကတော့ ငါးရှော့တိုက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင် အန္တရာယ်မရှိအောင် လုံခြုံရေးပေးရတဲ့ အနေအထားပဲ ၊ အခုက ငါးလုပ်ငန်းဦးစီးနဲ့ ပေါင်းပြီး တွဲဖက်အနေနဲ့လုပ်နေရတာ“လို့ ပြောပါတယ်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးကိစ္စဆောင်ရွက်နေတဲ့ စိမ်းရောင်စို/သဘာဝစိမ်းအဖွဲ့မှ ဦးမောင်မောင်ဦးကလည်း “ဧရာဝတီလင်းပိုင်မျိုးစိတ်က ကိုယ်ရဲ့ထိန်းသိမ်းတဲ့ အနေအထားကြောင့် တွေ့ရတာ တော်တော်ရှားသွားပြီ၊ ဒေသကဝိုင်းထိန်းပေးသင့်တယ် ၊ ဧရာဝတီမြစ်ထဲမှာ ရှော့တိုက်ငါးဖမ်း နေတာတွေကတော့ လင်းပိုင်ထိမှာ စိုးလို့ိဆိုတာထက် ရေသယံဇာတ ထိခိုက်စေလို့ တိတိကျကျထိန်းသိမ်းလို့ ပြောဖို့လိုတာပေါ့။ အခု လင်းပိုင်ရောက်လာပြီဆိုတော့ အဲ့ဒီဒေသမှာ ရေကြောင်းရဲက မလွှမ်းခြုံနိုင်ဘူးဆို ကုန်းပေါ်ကရဲပေါ့ကွာ ငါးလုပ်ငန်းဦးစီးနဲ့ ပူးပေါင်းလုပ်သင့်တယ်၊ ဒါတွေ ဝိုင်းပြောရမှာပဲ“လို့ ပြောပါတယ်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးကိစ္စဆောင်ရွက်နေတဲ့ စိမ်းရောင်စို/သဘာဝစိမ်းအဖွဲ့ သုတေသနပြုထားတဲ့ စာရင်းအရ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကတည်းက ဧရာဝတီလင်းပိုင် မျိုးစိတ်တွေ အတွေ့နည်းသွားတယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်အတွင်း မန္တလေးအထက် မင်းကွန်းကနေ ကျောက်မြောင်းအထိ တစ်အုပ်စု၊ ကျောက်မြောင်းကနေ ဧရာဝတီဒုတိယမြစ်ကျဉ်းမှာ တစ်အုပ်စု၊ ဒုတိယမြစ်ကျဉ်းကနေ ဗန်းမော်မှာ တစ်အုပ်စုဆိုပြီး ကီလိုမီတာ ၄၀၀ ရှိတဲ့ မြစ်ကြောင်းမှာပဲ ဧရာဝတီလင်းပိုင်တွေကို မကြာမကြာတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

Photo – ကိုမော်ကြီး
#voiceofmyanmar #VOM #ညောင်ဦး #ဧရာဝတီလင်းပိုင် #ရှော့တိုက်ငါးဖမ်း #ဒေသခံတွေစိုးရိမ်

Related posts

Leave a Comment

VOM News

FREE
VIEW