ပုဂံ-ညောင်ဦးမှာရှိတဲ့ ဘုရားတွေ နဲ့ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးဖို့ဆောင်ရွက်နေ

နိုဝင်ဘာ ၂၆-၂၀၂၀
မောင်တာရာ (VOM)

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦးမှာရှိတဲ့ ဘုရားစေတီပုထိုးတွေ နဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးသတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

လက်ရှိမှာ ပြန်လည်ဖွင့်ခွင့်ပေးဖို့ စီမံချက်ရေးဆွဲနေပြီး အဲ့ဒီစီမံချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောပါတယ်။

” ပြန်ဖွင့်လိုက်တယ်ဆို တနိုင်ငံလုံးက လာကြမှာဖြစ်တယ်၊ အဲ့ဒီလိုလာကြမှာဖြစ်တဲ့အတွက်ကြောင့် နှစ်ပတ်ကြိုတင်ပြင်ဆင်ပြီး ဟိုတယ်တွေကိုစစ်ရမယ်၊ စားသောက်ဆိုင်တွေ ဘုရားတွေ စစ်ဆေးရမယ်၊ အဲ့ဒီအတွက်ကို နှစ်ပတ်အချိန်လိုပါတယ်။ နှစ်ပတ်ဆောင်ရွက်မယ့် စီမံချက်ကိုရေးဆွဲနေပါတယ်၊ မပြီးသေးဘူး။ အဲ့ဒီစီမံချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တရက်၊နှစ်ရက်နေ တင်ပြပါမယ်။ ဘယ်တော့ဖွင့်ပါမယ်ဆိုတာ အပေါ်ကညွှန်ကြားချက်အပေါ် မူတည်ပါတယ်”လို့ ဦးကျော်ကျော်အုန်းက ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ပြန်ဖွင့်ခွင့်ပေးဖို့အတွက် ဒီတပတ်အတွင်းမှာ ဌာနဆိုင်ရာပေါင်းစုံပါဝင်မယ့်အဖွဲ့တွေနဲ့ လိုက်လံစစ်ဆေးသွားမှာဖြစ်တဲ့အပြင် လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း ရေးဆွဲသွားမယ်လို့ သိရပါတယ်။

ပုဂံ- ညောင်ဦးဒေသဟာ ခရီးသွားလုပ်ငန်းကို အဓိကအားထားရတဲ့ ဒေသတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ရောဂါကူးစက်မှုမြှင့်လာတဲ့အချိန်မှာပဲ ဘုရား၊ စေတီ၊ ပုထိုးတွေအတွင်း ဘုရားဖူးဧည့်သည်တွေ ဝင်ရောက်ဖူးမျှော်ခွင့်ကို ယာယီပိတ်ပင်လိုက်တဲ့အတွက် ဟိုတယ်၊ တည်းခိုခန်း၊စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ E -Bike ၊သုံးဘီးမော်တော်ယာဉ် ၊ မြင်းလှည်းယာဉ် စတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒေသခံပြည်သူတွေအနေနဲ့ အဆင်မပြေမှုတွေ ရှိလာတာကြောင့် ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

#voiceofmyanmar #VOM #ပုဂံ #ဘုရား #စားသောက်ဆိုင် #ပြန်ဖွင့်ဖို့ဆောင်ရွက်နေ

Related posts

Leave a Comment

VOM News

FREE
VIEW